၂၉၈။ တန်းသတ်
လက်ရှိတွင် လင်းချင်းသည် သူမကြုံတွေ့ခဲ့ရဖူးသူများကြောင့် အဆင့်၆စွမ်းအားရှင်များကို မကြောက်တော့ပေ။ ထို့ကြောင့် ရေစွမ်းအားရှင် အဆင့်၆ဖြစ်သည့် လုချန်းဖန်က သူမကို တိုက်ခိုက်မှာကို စိတ်မပူချေ။
ခုနတုန်းက နယ်မြေထဲတွင် နွယ်လေးသည် သူမ၏ အစွမ်းကို အဆင့်မြှင့်တင်ပေးထားသည်။ သူမ၏ နေကာမျက်မှန်အောက်မှ အစိမ်းရောင်မျက်စံများကြောင့် သူမသည် အခုဆိုလျှင် အဆင့်၆ဇွန်ဘီခေါင်းဆောင် ဖြစ်နေပြီ။ သို့သော်လည်း သူမ၏ အင်အားကိုတော့ တိတိကျကျမသိရသေးပေ။ သေချာတာကတော့ သူမသည် ဇွန်ဘီဘုရင်နှင့်ဘုရင်မများထက် အားနည်းမှာ မဟုတ်ပေ။
ထို့ကြောင့် လင်းချင်းသည် ဒီမနက်ကလို မဟုတ်တော့ဘဲ အဆင့်၆ကို တည်ငြိမ်စွာ ရင်ဆိုင်နေတာ ဖြစ်သည်။ အရင်ကတော့ သူမသည် အားနည်းသွားစေရန် အဆင့်၆ရန်သူများကို နယ်မြေထဲသို့ ဆွဲသွင်းဖို့ လိုသေးသည်။
လင်းချင်းသည် ကလပ်ထဲသို့ လှည့်ဝင်သွားတော့သည်။
ထိုအချိန်တွင် အဖြူရောင်သဏ္ဍာန်တစ်ခုသည် ကောင်းကင်ကနေ လုချန်းဖန်နှင့် တခြားနှစ်ယောက်တို့ အနားသို့ ဆင်းသက်လာသည်။ ထို့နောက် သူတို့သုံးယောက်သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
အနောက်က အသံများကြောင့် လင်းချင်းသည် လှည့်ကြည့်ရာ ချူးလီလီက သူမကို လှမ်းကြည့်နေသည်။ “ဒီလူတွေကို သွားခွင့်ပြုမလို့လား? သူတို့ကို ဒီတိုင်းလွှတ်ပေးထားရင် အနာဂတ်မှာ ညီမလေးတို့အတွက် ပိုပြဿနာတွေပဲ ဖြစ်လာမှာ!”
လင်းချင်းသည် ချူးလီလီကို ပြုံးကြည့်ကာ “နင်တစ်ခုခုလုပ်ပေးဖို့ ငါစောင့်နေတာရော မဖြစ်နိုင်ဘူးလား? ငါ့အနေနဲ့ သူ့ကိုနိုင်ဖို့ အခွင့်အရေးရှိပင်မယ့် ငါအားထုတ်ရမှာလေ။ နင့်အတွက်ကတော့ ကိတ်မုန့်စားသလို အလွယ်လေးပဲ”
ချူးလီလီသည် သူမကိုကြည့်ကာ တစ်ခုခုတွေးမိသွား၍ “ဒါဆိုရင် ဒီလိုညစ်ပတ်တဲ့ အလုပ်တွေလုပ်ဖို့ မကြီးက ညီမလေးကို စောင့်နေတာလား?”
လင်းချင်းသည် ချူးလီလီကြောင့် လဲကျသွားသည့် လူများကို ကြည့်ကာ “ဟုတ်တယ်”
ထို့နောက် သူမသည် လုတင်း၏ကိုယ်နားသို့ လျှောက်သွားကာ ပွင့်နေသည့်ခေါင်းထဲကို လက်နှိုက်၍ အမြူတေကို ထုတ်လိုက်သည်။ အဆင့်လေး အမြူတေသည် အမှောင်ထဲတွင် အပြာရောင်ဖျော့ဖျော့လေး တောက်ပနေသည်။
အစတုန်းက သူမသည် လုချန်းဖန်နှင့် ချန်ယုတင်းတို့မှာ ဓားပြများနောက်သို့ အလျှော့မပေးဘဲ လိုက်နေသလဲကို နားမလည်ခဲ့ပေ။ သူတို့သည် ဓားပြများဖြင့် ရှင်နိုင်တာ မဟုတ်သော်လည်း ဘာဖြစ်လို့ သေကြောင်းကြံသလို လိုက်နေခဲ့သနည်း? အခုတော့ လုတင်းက လုချန်းဖန်အား အကိုကြီးဟု ခေါ်နေသည်ကို ကြားမှသာ မောင်နှမဖြစ်ကြောင်း သိတော့သည်။
သို့သော်လည်း သူမသည် ဖန်တင်းအမဲလိုက်အဖွဲ့မှ လူများသည် လုတင်းအပေါ်အကြည့်တို့က တစ်မျိုးဖြစ်နေကြောင်းကို အမြဲခံစားမိသည်။ သူမကို အရေးပါသည်ဟု သူတို့က တွေးပုံရသော်လည်း သူမတွင် ရှိသည့်တစ်ခုခုကြောင့်သာ အရေးပါသည့်ပုံမျိုး ဖြစ်သည်။ လင်းချင်းသည် လုတင်း၏ တခြားအရာများက အရမ်းအာရုံစိုက်စရာ မဟုတ်သဖြင့် သူမ၏ အစွမ်းကသာ ဒီလိုဖြစ်မည်ဟု ထင်လိုက်သည်။ လုတင်းသည် သူမ၏ အစွမ်းကို လင်းချင်း၏ အရှေ့တွင် တစ်ခါမှ မသုံးခဲ့ဖူးပေ။ ဆိုလိုသည်မှာ ဖန်တင်းအဖွဲ့သည် သူမ၏ အစွမ်းကို အရမ်းဂရုစိုက်သည်။ ထိုအစွမ်းသည် ရေ သို့မဟုတ် နေရာလွတ်အစွမ်းကလွဲရင် တခြားဟာ မဖြစ်နိုင်ပေ။
လင်းချင်းသည် အမြူတေကို ဆွဲထုတ်လိုက်၍ အပြာရောင်အလင်းကြောင့် ရေအစွမ်းဟု ထင်လိုက်သည်။ အစတုန်းက ချန်ယုတင်းသည် သူတို့တွင် လဲလှယ်စရာ ရေအလုံအလောက်ရှိကြောင်း ပြောခဲ့၍ဖြစ်သည်။ လုချန်းဖန်တွင် ရေအစွမ်းရှိသောကြောင့် သူ့ညီမတွင်လည်း ရေအစွမ်းရှိနေနိုင်သည်။
သို့သော်လည်း ထိုစွမ်းအင်သည် လင်းချင်း၏ လက်ထဲတွင် ပျောက်ကွယ်သွား၍ စွမ်းအားများက လက်ကနေတစ်ဆင့် စီးဆင်းသွားမှသာ လင်းချင်းသည် ရေမဟုတ်ကြောင်းကို သိလိုက်သည်။ နေရာလွတ်စွမ်အားပင်။ လင်းချင်းသည် သူမ၏ နယ်မြေထဲက အပြောင်းအလဲများကို ကြည့်ရင်း ဆွံ့အသွားသည်။
‘အခု ဘာဖြစ်လို့ နေရာလွတ်စွမ်းအားရှင်တွေက ရှာဖို့လွယ်နေတာလဲ? တစ်ရက်တည်းကို ငါနှစ်ယောက် တွေ့နေရတယ်’
လင်းချင်းသည် လုချန်းဖန်နှင် တခြားနှစ်ယောက်ကို ကြည့်ကာ ချူးလီလီအား “ဘာဖြစ်လို့ မသတ်တာလဲ? ဘာဖြစ်လို့ မေ့အောင်ပဲ လုပ်ထားတာလဲ?”
ချူးလီလီသည် တစ်ဖက်သို့ မျက်နှာလွှဲသွားကာ နှာခေါင်းရှုံ့ရင်း “အကြောင်းမရှိဘဲ လူမသတ်ဘူး”
ထိုအခါ လင်းချင်းသည် ဒီသုံးယောက်အား လက်သည်းများဖြင့် လွှဲခုတ်လိုက်ရတော့သည်။ လေတိုးသံများနှင့်အတူ သူတို့၏အရိုးနှင့်အသားများ ပြတ်သွားသည့် အသံတို့က ထွက်လာသည်။
အရင်ခေတ်တုန်းက လင်းချင်းသည် ကြုံရာလူကို သေချာပေါက် မသတ်ပေ။ တရားဝင်မဟုတ်သောကြောင့် ဖြစ်သည်။ အခုခေတ်တွင်တော့ လူသတ်ခြင်းက ပြစ်မှုမဟုတ်တော့ပေ။ သန်မာသည့် သူများသည်သာ ဆရာသခင်ဖြစ်၍ စည်းမျဉ်းများ ချမှတ်နိုင်ခြင်း ဖြစ်သည်။ ကမ္ဘာပျက်ခေတ်သည် ပရမ်းပတာဖြစ်၍ လူတိုင်းသည် ရှင်သန်နိုင်ဖို့ ကြိုးစားနေလေရာ တရားဉပဒေက ဘာမှမဟုတ်တော့ပေ။
အခြေစိုက်စခန်းများတွင် စည်းမျဉ်းများကတော့ သေချာပေါက်ရှိသည်။ မဟုတ်လျှင် ဒီလူများကို ဘယ်လိုထိန်းသိမ်းမည်နည်း? အရင်ခေတ်က နိုင်ငံ၏ဉပဒေနှင့် မိသားစုကျင့်ထုံးများရှိသလို အခုခေတ်တွင် အခြေစိုက်စခန်းများ၌ တင်းကြပ်သည့် ဉပဒေများ ရှိသည်။ သို့သော်လည်း စခန်းအပြင်တွင်တော့ ဘာစည်းမျဉ်းမှ မရှိတော့ပေ။
ထို့ကြောင့် အပြင်တွင် ဘယ်သူသေသေ ဂရုမစိုက်ကြပေ။ လက်စားချေခွင့်ရှိသည်ကလည်း စခန်းအပြင်တွင်ပင်။ အပြင်တွင် သတ်ချင်သလို လူသတ်၍ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် လူသေသွားလျှင် သူတို့အတွက် အစာများက ပိုကျန်ခဲ့မှာ ဖြစ်သည်။
လင်းချင်းသည် သူမ၏အပေါ်သို့ သတ်ချင်စိတ်မထားသူများကို မသတ်ပေ။ သို့သော်လည်း သူတို့က သူမကို သေစေချင်ကြသည်။ ထို့ကြောင့် အနာဂတ်တွင် ပြဿနာများထက် မဖြစ်စေရန် လင်းချင်းက အသက်ရှင်ခွင့် မပေးတော့တာ ဖြစ်သည်။ သူတို့ကို ကူညီသည့်သူများကို ကျေးဇူးတောင်မတင်ဘဲ ကျေးစွပ်သူများက ဒီလိုခံရသင့်သည်။
ချူးလီလီသည် လူသုံးယောက်၏ အမြူတေများကို ထုတ်လိုက်ကာ အလင်းများကို ရှင်းလိုက်၍ အမြူတေများကို သူမ၏အိတ်ထဲသို့ထည့်၍ လင်းချင်း၏အနောက်ကနေ ကလပ်ထဲသို့ ဝင်လာသည်။
ညစာစားပွဲတွင် မှောက်နေသည့်သူများနှင့် ကြမ်းပြင်တွင် လဲကျနေသည့်သူများကို တွေ့လိုက်ရသည်။ လင်းဖန်သည် အခုမှ နိုးလာသည့်အမူးသမားလိုမျိုး ဘားတွင်မှီနေသည်။ ခေါင်းကိုလက်ဖြင့်ထိန်းနေကာ မျက်လုံးမပွင့်နိုင်သေးပေ။
လင်းချင်းသည် သူ့ကိုတစ်ချက်ကြည့်၍ တခြားအမျိုးသမီးများကို လှည့်ကြည့်လိုက်သည်။ အမျိုးသမီးတို့သည် ဆိုဖာပေါ်တွင် အိပ်မောကျနေသည်။ လင်းရှောင်လုက ချန်ဝမ်ရှု၏ ပေါင်ပေါ်တွင် ခေါင်းအပ်၍ အိပ်ပျော်နေသည်။
ထို့နောက် လင်းချင်းသည် လင်းဖန်ကို တစ်ချက်ကြည့်ကာ စားပွဲပေါ်က ရေခွက်ကို ကောက်ယူလိုက်သည်။ ရေခွက်သည် သူမ၏လက်ထဲမှ ပျောက်သွား၍ ခနကြာသည့်အခါ ရေဖြည့်လျှက် ပြန်ပေါ်လာသည်။ ထို့နောက် သူမသည် လင်းရှောင်လုအား ထူလိုက်ကာ ရေတိုက်ပြီးမှ ကျန်သည့်အမျိုးသမီးများကို ရေတိုက်သည်။ ထို့နောက် လင်းဖန်အား ရေတစ်ခွက် တိုက်သည်။
လင်းချင်းသည် ဒီလူများထံမှ သူတို့ကိုယ်ပိုင်မဟုတ်သည့် စွမ်းအင်ကို ခံစားမိသည်။ ဒီစွမ်းအင်သည် လူများကို မေ့မျောအောင်လုပ်နိုင်သည့် အာလျူ၏ စွမ်းအားဖြစ်မည်။ ဘယ်လိုမေ့မျောအောင် လုပ်သလဲတော့ လင်းချင်းလည်း မသိပေ။ လင်းချင်း၏ရေကို တိုက်ပြီးနောက် ထူးဆန်းသည့် အစွမ်းသည် ဖြည်းဖြည်းချင်း ပျောက်သွားသည်။
“ဘာ. . .ဘာဖြစ်တာလဲ?”
အမျိုးသမီးလင်းသည် လူများက လဲကျနေသည်ကို မြင်သည့်အခါ အံ့သြကာ နားမလည်စွာဖြင့် မေးသည်။
“သမီးဒီမှာမရှိတုန်းက အန်တီတို့ကို မလှုပ်နိုင်အောင် လူတစ်ယောက်က လုပ်ထားတာ။ သမီးထွက်လာတော့ ယာဉ်တစ်စီးကို ဒီညခိုးခံရတော့မလို ဖြစ်သွားသေးတယ်” သို့သော်လည်း သူမသည် ပျောက်သွားမည့်ယာဉ် ပြန်ရကြောင်းတော့ သေချာရှင်းပြပါသည်။
“ဘာဖြစ်တာလဲ?” လင်းဖန်ကလည်း သူမကို နားမလည်စွာ ကြည့်သည်။
“အကုန်အိပ်ပျော်နေတုန်း လုတင်းက သူတို့ကို ငါငှားပေးထားတဲ့ကားကို ခိုးဖို့လုပ်နေတာ” လင်းချင်းက ပြောသည်။ “ဒါပင်မယ့် ငါသတ်လိုက်ပြီ!”
“ဘာ? သတ်လိုက်တယ်?” အမျိုးသမီးလင်းနှင့် တခြားသူများသည် သူမကို အံ့သြစွာကြည့်သည်။ အပြစ်တင်သည့် သဘောမျိုးမဟုတ်ဘဲ လင်းချင်းက ဒီတိုင်းလူသတ်သည့် အကြောင်းကြောင့် လန့်သွားတာ ဖြစ်သည်။
လင်းချင်းသည် လက်ဆန့်ပြကာ “ငါစလုပ်တာ မဟုတ်ဘူး။ သူတို့က ငါ့ကိုအရင်လာပစ်တာ။ ဘယ်တုန်းက ဒီလောက်ငါစိတ်ပျော့မနေဘူး!”
“ဟုတ်ပါပြီ” လင်းဖန်က ခေါင်းငြိမ့်ကာ ပြောသည်။