May Honey Logo May Honey
Previous Next

၃၈၁။ တာဝန်

အခုတလော သူတို့လူစုနေသည့် ကြော်ငြာသည် နှစ်မျိုးဖြစ်သွားသည်။ တစ်ခုက အလုပ်လာလုပ်ချင်သည့်သူများအတွက်ဖြစ်ကာ တစ်ခုကတော့ စခန်းသစ်တွင် လာနေချင်သည့်သူများအတွက် ဖြစ်သည်။

ပတ်ဝန်းကျင်ပြောင်းလိုသူများအား စခန်းသစ်က ကြိုဆိုနေသည်။ မကောင်းသည့် ရည်ရွယ်ချက်ရှိသည့်သူများနှင့် ကမ္ဘာပျက်ခေတ် ဓားပြမျိုးကို မကြိုဆိုပေ။ ထို့အတူ စခန်းအသစ်တွင် နေချင်သည့်သူများသည် သေချာပေါက်ကို ငွေပေးချင်မှ ရမှာပင်။ စခန်းသစ်တွင် နေထိုင်မည့်သူ၏ ရာထူးသည် စခန်းတွင် သူ့နှင့်လိုက်ဖက်သည့်နေရာ ရမှာပင်။ ဒါက စခန်းတိုင်း၏ ဘုံဉပဒေဖြစ်သည်။

“လုမိန်းကလေး တစ်ခုခုဖြစ်လို့လား?”
အမျိုးသမီးလင်းက စိုးရိမ်စွာ ပြောသည်။

လင်းဝမ်ဝမ်က ပြုံးကာ

“သူအဆင်ပြေမှာပါ။ ဪ ဒါနဲ့ မနေ့က ပင်လယ်မြို့တော်စခန်းမှာ ဖြစ်တာတွေကို ပြောပြဦးမယ်”

ထိုအခါ တခြားသူများသည်လည်း သိချင်သွားကြသည်။ အမျိုးသမီးလင်းသည်သာ စိုးရိမ်စိတ်ပေါ်နေသော်လည်း ဘာမှမပြောဘဲ ဧည့်ကြိုခန်းထဲသို့ တခြားသူများနှင့်အတူ လျှောက်လာလိုက်သည်။
ယွမ်ထန်ရှင်းက ချန်ယုတင်းနှင့် လင်းဖန်တို့အား

“မနေ့က ပင်လယ်မြို့တော်စခန်းမှာ ယန်းချောင်းတို့တွေကို ခေါင်းဆောင်ဝူနဲ့ ခေါင်းဆောင်ကျိုးတို့က ပေါင်းနှိမ်နှင်းလိုက်လို့ ယန်းချောင်းသေပြီ”

ချန်ယုတင်းတို့သည် ဒါကိုကြားသည့်အခါ တောင့်ခဲသွားကာ ယွမ်ထန်ရှင်းအား မယုံနိုင်စွာ ကြည့်သည်။ ချန်ယုတင်းက အံ့သြစွာဖြင့်

“ဘာ? သူသေပြီ? ဘယ်လိုလုပ်ပြီး ဒီလောက်မြန်တာလဲ? ငါတို့ခေါင်းဆောင်က ချက်ချင်းလှုပ်ရှားဖို့ အဆင့်သင့်မဖြစ်သေးဘူးမလား?”

ယွမ်ထန်ရှင်းက ဧည့်ကြိုခန်းထဲမှ သန့်ရှင်းနေသည့် ခုံများထံသို့သွားထိုင်ကာ

“တကယ်တော့ မင်းတို့ထွက်သွားတဲ့နေ့က တစ်ခုခုဖြစ်သွားတယ်။ အဲ့ဒါကြောင့် ခေါင်းဆောင်ဝူက ချက်ချင်းတန်ပြန်တိုက်လိုက်ရတာ။ ပြဿနာအိုးရဲ့ ကောင်းမှုနဲ့ ဒီလိုမျိုး ဖြစ်သွားရတာပါပဲ”
သူသည် ရယ်ကာ ပြောသည်။

ချန်းယုတင်းတို့က သူ့အနားတွင် ထိုင်လိုက်ကြကာ သိချင်စိတ်ဖြင့်

“တိတိကျကျ ဘာဖြစ်တာလဲကို ငါတို့ကိုပြောပြ”

ယွမ်ထန်ရှင်းက

“အဲ့ညက ယန်းချောင်းရဲ့ ဒုခေါင်းဆောင် သေသွားတယ်။ ဖြောင်ကောချန်ကို ဘယ်ကပေါ်လာမှန်းမသိတဲ့ ဇွန်ဘီကိုက်ခံလိုက်ရတယ်။ သုသေသနဌာနကို အကြောင်းရှိလို့ သူသွားပြီးတော့ အဲ့ကလူတွေနဲ့ ပြဿနာတက်တယ်။ နောက်ဆုံး သူ့ကို တခြားတစ်ယောက်က သတ်သွားတယ်။ သုသေသနပညာရှင် တစ်ယောက်လည်း ဆုံးသွားတယ်”

ဖြောင်ကောချန်၏ အမည်ကို ကြားသည့်အခါ ချန်ယုတင်းသည် ခနရပ်တန့်သွား၍ ယွမ်ထန်ရှင်းအား အံ့သြစွာဖြင့်

“ဘာပြောလိုက်တယ်? ဖြောင်ကောချန်သေပြီ?”

ဒီလူသည် သူ့အားတစ်ချိန်လုံး ခက်ခဲအောင် လုပ်နေသည့်သူပင်။ ကျန်း၏ သေဆုံးခြင်းဖြင့် သက်ဆိုင်နေသည့်သူမှန်း သူအခုမသိသေးသော်လည်း သူ့အား အချိန်အကြာကြီး ဒုက္ခလိုက်ပေးနေသည့်သူက ရုတ်တရပ် သေသွားသဖြင့် သူအံ့သြနေသည်။
ယွမ်ထန်ရှင်းက

“ဟုတ်တယ် အဲ့ညက သေသွားတာ ၂ယောက်မကဘူး။ ယန်းချောင်းရဲ့ညီမ ယန်းယန်လည်း သေသွားတယ်”

“ဟမ်? ဝမ်ဝမ်ကို နှောင့်ယှက်ဖို့ သူ့သားကို အားပေးအားမြှောက်လုပ်တဲ့ မိန်းမလား? သူလည်း သေတာလား? ဘယ်သူသတ်တာလဲ?”

လင်းဖန်က မေးသည်။

အခြားလူများသည် လင်းဝမ်ဝမ်ကို တစ်ချက်ကြည့်ကြသည်။ ယွမ်ထန်ရှင်းလည်း လင်းဝမ်ဝမ်ကို တစ်ချက်ကြည့်ကာ ဖြေသည်။

“လုမိန်းကလေးက သူလုပ်လိုက်တယ် ပြောတယ်။ ဒါပင်မယ့် ယန်းယန်ရဲ့ခေါင်းနဲ့ လက်က သားရဲကောင်ကိုက်ခံထားရပြီးတော့ အသေဆိုးနဲ့သေရတာ သူဘယ်လိုသေသွားသလဲ မြင်တဲ့သူတောင် မရှိဘူး”

လင်းဖန်နှင့် အခြားသူများသည် အံ့သြသွားကြကာ

“လုမိန်းကလေးလား? ဘယ်လိုလုပ်ပြီးတော့ သူကဝင်ပါတာလဲ?”

“သေချာမသိပါဘူး”

ယွမ်ထန်ရှင်းက ပြောသည်။
“ဒါပင်မယ့် သူကတော့ ဒီလိုပြောတာပဲ။ ယန်းချောင်းရဲ့ဘေးမှာ အဆင့်၇စွမ်းအားရှင် တစ်ယောက်ပုန်းနေတာကို သူတွေ့ထားတယ်။ နောက်နေ့ စခန်းကအရာရှိတွေ အစည်းအဝေးပွဲမှာ စစ်ဖြစ်တယ်။ အကြောင်းကတော့ ယန်းချောင်းက စခန်းကလူ ရာနဲ့ချီအောင် ပိုးစမ်းသပ်ချက်မှာ သုံးခဲ့ပြီးတော့ အကုန်သေကုန်လို့။ သူ့လက်အောက်ငယ်သားတချို့လည်း ကူးဆက်ခံရပြီးသား။ နောက်ဆုံး သူတို့အကုန်လုံးက လူတစ်ဝက် ဇွန်ဘီတစ်ဝက်တွေဖြစ်ပြီး အကုန်သတ်ခံလိုက်ရတယ်”

“အသက်ရှိလူသားတွေနဲ့ စမ်းသပ်ချက်လုပ်တာလား? ဘုရားရေ!”

အမျိုးသမီးလင်းက အံ့သြနေသည်။

ကမ္ဘာပျက်ပြီးနောက် လူဦးရေသည် အနည်းငယ်သာ ရှိတော့သည်။ သို့သော်လည်း ယန်းချောင်းကတော့ ကျန်းမာသည့်လူများနှင့် စမ်းသပ်ချက်များကို တကယ်ကြီး လုပ်ခဲ့သည်။ ဒါကလုံးဝကို ရူးသွပ်နေတာပင်။ ထို့အတူ ယွမ်ထန်ရှင်း၏ စကားအရဆိုလျှင် ဒီလူများသည် သူတို့စိတ်ဖြင့် စမ်းသပ်တာမျိုး မဟုတ်ဘဲ ဖိအားပေးခံရတာ ဖြစ်သည်။
ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ ဆက်ပြောသည်။

“ယန်းချောင်းက သူ့လျို့ဝှက်စမ်းသပ်ချက်ကို ဘယ်သူမှ မသိလောက်ဘူးလို့ ထင်နေပင်မယ့် ခေါင်းဆောင်ဝူက အရင်တည်းက အချက်အလက်တွေကို စုထားပြီးသား။ အဲ့နေ့မှာ အကုန်ဖော်ပြီးတော့ တခြားစခန်းခေါင်းဆောင်နဲ့ အတူလက်တွဲပြီး ယန်းချောင်းကို စခန်းကနေ နှင်ထုတ်လိုက်တယ်”

ချန်ယုတင်းသည် အရမ်းကို စိတ်ဆိုးနေသည်။ ယန်းချောင်းက နယ်နှင့်ဒဏ်လောက်သာ ရသည်ကို ကြားသည့်အခါ မကျေမနပ်ဖြင့်

“ဘာဖြစ်လို့ နှင်ထုတ်ရုံတင်လဲ? သူ့လိုကောင်မျိုးက သေသင့်တာ!”

သူ့ကျန်းသည် ဇွန်ဘီပိုး ကူးခံရသလို ယန်းချောင်းတို့မှာ တခြားသူများကိုလည်း ဒီလိုနစ်နာအောင် ထိခိုက်နေသည်ကို သိလိုက်ရသည်။
ယွမ်ထန်ရှင်းက ခေါင်းကိုခါကာ ရှင်းပြသည်။

“သူတို့ကို နှင်ထုတ်လိုက်တော့ သူက စခန်းခေါင်းဆောင် မဟုတ်တော့ဘူး။ ဒါက ပထမအဆင့်။ နောက်တစ်ဆင့်က အဓိကပဲ. . .လူရာနဲ့ချီအောင် သတ်တဲ့အတွက် သူ့ကိုသုတ်သင်လိုက်တယ်။ စခန်းကလူတွေကို ဒီလိုအကြောင်းပြချက်ပေးတယ်”

ချန်ယုတင်းက ဒါကိုကြားမှ နည်းနည်းစိတ်ငြိမ်သွားသည်။

“ဟုတ်ပါတယ်. . .”

“ကပ္ပတိန်ချန် စိတ်တိုဖို့ မလိုပါဘူး”

လင်းဖန်က ပြောသည်။
“ယွမ်ရှင်းပြောသလိုပဲ ယန်းချောင်းက သေပြီ။ သေသင့်တဲ့လူတိုင်းလည်း သေကုန်ပါပြီ”

ချန်ယုတင်းကို နှစ်သိမ့်ပြီးသည့်အခါ လင်းဖန်က ဆက်ပြောသည်။

“ပြီးတော့ရော? နောက်ဆုံးဘာဖြစ်သွားလဲ?”

“နောက်ဆုံး ယန်းချောင်းက မကောင်းဆိုးဝါးဖြစ်သွားတယ်”

ယွမ်ထန်ရှင်းက ပြောသည်။
“ခေါင်းဆောင်ဝူတို့တွေ ပူးပေါင်းသတ်လိုက်ရတယ်။ ဒါပင်မယ့် ကြားတာကတော့ သူ့ကိုကူညီပေးတဲ့သူက အခြေအနေ မကောင်းမှန်း သိတာနဲ့ ထွက်ပြေးသွားတယ်တဲ့”

“ဟမ်? သူထွက်ပြေးသွားတယ်? ယန်းချောင်းကတော့ ဒေါပွနေမှာပဲ”

အမျိုးသမီးလင်းက အံ့သြနေသည်။

ယွမ်ထန်ရှင်းက ပြုံး၍ခေါင်းငြိမ့်ကာ

“ဟုတ်မှာပါ။ ကျွန်တော်တို့က အခင်းဖြစ်တဲ့နေရာမှာ မရှိတော့ သူဘယ်လိုဖြစ်မလဲ မသိလိုက်ဘူး”

အခြားသူများသည်လည်း အချင်းချင်းကြည့်ကုန်ကြသည်။ ထိုအချိန်တုန်းက ဖြစ်မည့်ပုံကို တွေးကြည့်ကာ သူတို့ရယ်ကုန်ကြသည်။
“အားမကိုးရတဲ့အကူကို ဘယ်ကရှာလာတာလဲ? အဲဒါဘယ်သူလဲ?”

အမျိုးသမီးလင်းက အရင်ရယ်ပြီးမှ မေးသည်။

“လုမိန်းကလေးပြောတာတော့ ကမ္ဘာပျက်ခေတ်ဓားပြတဲ့”

လင်းဝမ်ဝမ်က ပြောသည်။

“ကမ္ဘာပျက်ခေတ်ဓားပြ? ယန်းချောင်းက တကယ်ရူးနေတာပဲ။ သူ့ကိုယ်သူ မကောင်းဆိုးဝါးအဖြစ် ပြောင်းရုံတင်မကဘူး။ အပြင်က ဓားပြတွေနဲ့ပါ ပေါင်းနေသေးတယ်။ သူကအကုန်လုပ်နေတာပဲ”

အမျိုးသမီးလင်းက သက်ပြင်းချသည်။

ယွမ်ထန်ရှင်သည် တစ်ခုကို ရုတ်တရပ် သတိရသွားကာ

“ကမ္ဘာပျက်ခေတ် ဓားပြဆိုမှ”
သူက တည်ကြည်စွာ ပြောသည်။
“ငါတို့သတိထားရမယ်။ လုမိန်းကလေးပြောတာတော့ ငါတို့ကို သူကတစ်ညလုံး စောင့်ကြည့်နေခဲ့တာတဲ့။ သူ့ပစ်မှတ်က ဝမ်ဝမ်ဖြစ်လိမ့်မယ်။ အခု ယန်းချောင်းက သေပြီး သူကပြေးသွားတယ်။ ဓားပြဆိုတော့ ငါတို့နောက်ကို ဆက်လိုက်ဦးမလား မပြောတက်ဘူး”

အဆင့်၇ ကမ္ဘာပျက်ခေတ် ဓားပြက သူတို့ကို ပစ်မှတ်ထားနေသည် ဆိုသည့်အခါ လင်းမိသားစု တစ်ခုလုံးသည် သတိအပြည့်ဖြစ်သွားသည်။
“ဒါဖြစ်နိုင်တယ်! ကမ္ဘာပျက်ခေတ်ဓားပြတိုင်းက အငြိုးကြီးတယ်။ သူတို့လိုချင်တာရဖို့ဆိုရင် ဘာမဆိုလုပ်ကြမှာပဲ။ ငါတို့အပေါ် မျက်စိကျနေရင်တော့ ဒုက္ခများပြီ!”

လင်းဖန်က မျက်နှာမကောင်းစွာ ပြောသည်။

Previous Chapter 381 of 410 Next