လင်းချင်းသည် လက်ပိုက်၍ ဇွန်ဘီကို ကြည့်လိုက်သည်။ သူမသည် အားကိုထိန်းထားတာဖြစ်သည်။ မဟုတ်လျှင် သူတို့ကြားက အကွာအဝေးကြောင့် ဒီဇွန်ဘီသည် အပိုင်းပိုင်းဖြစ်သွားနိုင်သည်။
လင်းချင်း၏အားနှင့်ကိုယ်အနေအထားတို့ကြောင့် ဇွန်ဘီသည် ထပ်ပြီးတော့ ခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရသည်။ မျှော်လင့်ချက်သေးသေးလေးဖြင့် သူ့စိတ်ကိုသူ မနည်းပြန်ထိန်းလိုက်ရသည်။
ချီတုံချီချဖြင့်စွာဖြင့် အနောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်စဉ်တွင် သူ့လက်မောင်းက ဒဏ်ရာမှ သွေးမည်းမည်းများ ထွက်လာသည်။ သူ့လက်မောင်းကို နောက်လက်တစ်ဖက်ဖြင့် သုတ်လိုက်သည့်အခါ ရေခဲလွှာပါးပါးက ဒဏ်ရာပေါ်တွင်ဖုံးလိုက်၍ သွေးမည်းမည်းများကို ခဲသွားစေသည်။
လင်းချင်းကိုစိုက်ကြည့်ကာ ရုတ်တရပ်ထပ်တိုက်ပြန်သည်။ ခုနကထက် ပိုမြန်ကာ လေထဲတွင်ဖြတ်လာ၍ သူမရှေ့သို့ အေးစက်သည့် လေလှိုင်းနှင့်အတူ ရောက်လာသည်။ လင်းချင်းသည် လေအေးကို ခံစားမိချိန်မှာ သူမ၏ခြေထောက်အောက်က ကြမ်းပြင်သည် အေးခဲလာကာ သူမ၏ခြေထောက်များသည် လှုပ်မရတော့ပေ။
‘မဆိုးဘူး!’ လင်းချင်းသည် စိတ်ထဲက ချီးကျူးလိုက်သည်။ ထို့နောက် ဇွန်ဘီက မတိုက်ခင် သူမသည် လက်ကိုလှုပ်လိုက်ကာ မြူခိုးနက်များကို ထုတ်လိုက်၍ သူမ၏တစ်ကိုယ်လုံးကို ပတ်ထားသည်။
ဇွန်ဘီ၏လက်သည်းများက လင်းချင်း၏ကိုယ်ပေါ်သို့ ရောက်မည့်အချိန်တွင် မြူခိုးနက်များကို မြင်လိုက်ရသည်။ ရုတ်တရပ် သူသည် ရပ်လိုက်ကာ သူ့လက်ကို အမြန်ပြန်ရုတ်၍ နောက်သို့ဆုတ်လာသည်။ ဇွန်ဘီတစ်ကောင်အနေဖြင့် သူသည် မသိစိတ်အရ ဒီမြူခိုးနက်များကို ကြောက်သည်။ ဇွန်ဘီသည် လင်းချင်းထံမှ ဝေးနိုင်သမျှဝေးဝေးသို့ပြေးရင်း ဘာမှမလှုပ်ရဲတော့ဘဲ ထိုင်ချနေတော့သည်။
လင်းချင်းသည် လက်ကိုမြှောက်ကာ မြူခိုးနက်များကို သူမခေါင်းပေါ်သို့တက်စေသည်။ ထိုအချိန်တွင် သူမ၏ခြေထောက်အောက်က ရေခဲများသည် မြူခိုးနက်များကြောင့် ဖြည်းဖြည်းချင်း ပျော်ကျသွားလေပြီ။
လှေကားနားကထောင့်တွင် ကုပ်ကုပ်လေးထိုင်နေသည့် ဇွန်ဘီသည် လင်းချင်းကို ထပ်တိုက်တော့မည့်ပုံမရှိပေ။ ထိုအခါ လင်းချင်းက သူ့ကိုလှမ်းမေးလိုက်သည်။ “ထပ်တိုက်ဦးမလား?”
ဇွန်ဘီသည် သူမကို တစ်ချက်သာ မော့ကြည့်ကာ ခေါင်းပြန်ငုံ၍ ငြိမ်နေသည်။ လင်းချင်းသည် အနည်းငယ်ဆွံ့ကသွားသည်။ ‘ဘာဖြစ်လို့ လက်လျှော့လိုက်တာလဲ?’
ဇွန်ဘီလုပ်လိုက်သည့်ရေခဲများတွင် သူ့စွမ်းအားများ ပါသည်။ ယန်ကျန်းဟွာ၏ ရေခဲများလောက် မမာသော်လည်း လင်းချင်းသည် မြူခိုးနက်များက သူတို့ကို ဖြည်းဖြည်းချင်းသာ အရည်ပျော်အောင် လုပ်နိုင်ကြောင်းကို သတိထားမိလိုက်သည်။ ထို့ကြောင့် သူမ၏ခေါင်းပေါ်တွင် ရစ်ပတ်နေသည့် မြူခိုးနက်တိမ်တိုက်အား ခြေထောက်အောက်က ရေခဲများထံသို့ ပို့လိုက်ရသည်။ မိနစ်အနည်းငယ်ကြာမှ လင်းချင်းသည် ရေခဲထဲမှ ခြေထောက်ကို ထုတ်ရသွားသည်။
သူမသည် လက်ကိုမြှောက်ကာ မြူခိုးနက်များကို သူမ၏လက်ထဲသို့ ပြန်ထည့်လိုက်ကာ ဇွန်ဘီထံသို့သွားသည်။ သူမကပ်လာသည့်အခါ ဇွန်ဘီသည် အရမ်းအရမ်းကို ထွက်ပြေးချင်နေမိသည်။ သို့သော်လည်း သူမပြေးနိုင်မှန်းကို သူသေချာနားလည်သည်။ လင်းချင်းကို ထူးဆန်းသည့်ဇွန်ဘီတစ်ကောင်အဖြစ် သူမြင်နေလေရာ ကြောက်လို့နေမိသည်။ ဆောင့်ကြောင့်ထိုင်နေရင်းက လင်းချင်းက တစ်လှမ်းတိုးလာလေလေ သူသည်ဘေးသို့ ရွှေ့လေလေ လုပ်နေသည်။
လင်းချင်းသည် သူ့ထံသို့ လျှောက်သွားရင်း သူ့အားမေးလိုက်သည်။ “အလျှော့ပေးပြီလား?”
ဇွန်ဘီသည် သူမကို တစ်ချက်ပဲ အမြန်ကြည့်ကာ ချက်ချင်းခေါင်းပြန်ငုံသွားသည်။ လင်းချင်းသည် သူကအလျှော့ပေးပြီ ဖြစ်ကြောင်းကို နားလည်သည်။ သူမ၏ မြူခိုးနက်များကို ဒီလောက်ကြောက်လိမ့်မည်ဟုတော့ မထင်ခဲ့ပေ။ ဒီလိုတွေးရင်းဖြင့် သူမ၏လက်ထဲတွင် ရေတစ်ခွက်က ပေါ်လာသည်။
“ရော့ သောက်” လင်းချင်းသည် ဇွန်ဘီကို ကမ်းပေးလိုက်သည်။
ဇွန်ဘီသည် အနံ့ဖြင့်ဆွဲဆောင်ခံလိုက်ရသည်။ ခေါင်းမော့၍ အနံ့ခံကြည့်သည့်အခါ လင်းချင်းက သူ့ကိုရေတစ်ခွက်ပေးနေကြောင်း မြင်လိုက်သည်။ ထို့နောက် ခွက်ကိုယူလိုက်ကာ သူ့ပါးစပ်နားသို့ယူ၍ လျက်ကြည့်သည်။ ထို့နောက် ရေကိုတစ်ကျိုက်တည်း မော့ချပစ်လိုက်သည်။ ရေသောက်ပြီးသည့်နောက် လွတ်နေသည့်ရေခွက်ကို ခနကြည့်နေပြီး ပါးစပ်ကိုဟကာ ခွက်ကိုခွဲအောင် ကိုက်ချလိုက်သည်။
လင်းချင်းသည် အံ့သြသွားကာ ခွက်ကိုအမြန်ပြန်ဆွဲယူလိုက်ရသည်။ ‘ရေကိုကြိုက်လွန်းလို့ ခွက်ကိုတောင်စားဖို့ လုပ်နေတာလားဟ?’
ထိုအချိန်တွင် လှေကားမှ အသံတစ်သံထွက်လာသည်။ “အပေါ်ကနေ အသံကြားတယ်”
“လုမိန်းကလေးက အပေါ်မှာ ထင်တယ်။ ချူးလီလီပြန်လာတာလား?”
“စွမ်းအားတွေ မငြိမ်မသက်ဖြစ်နေတာကို ခံစားမိတယ်။ အပေါ်မှာ တိုက်နေကြတာလား?”
ထိုအသံများနှင့်အတူ လူသုံးယောက်သည် လှေကားမှ တက်လာကြသည်။ လင်းဟောင်၊ လီကျန်းနှင့် လဲ့ယောင်တို့သည် လှေကားမှတံခါးကို ဖွင့်လိုက်သည့်အခါ ထောင့်တွင်ဆောင့်ကြောင့်ထိုင်နေသည့် ဇွန်ဘီနှင့် တခြားဇွန်ဘီ လေးငါးကောင်တို့ကို တွေ့လိုက်ရသည်။
“ဒါ. . .ဘာဖြစ်လို့ ဒီမှာ အဆင့်မြင့်ဇွန်ဘီတွေ များနေတာလဲ? အကုန်လုံးက ဇွန်ဘီခေါင်းဆောင်တွေမလား?” ဇွန်ဘီများ၏ သန်မာသည့် အရှိန်အဝါများကြောင့် လီကျန်းသည် သတိအပြည့်ဖြင့် မေးသည်။
“ဟမ်? ဒီဇွန်ဘီတွေအကုန်လုံးက ဘယ်ကနေ ရောက်လာတာလဲ?” လင်းဟောင်သည် အခြားသူများလို ကြောက်မသွားဘဲ ဇွန်ဘီအုပ်ကိုသာ စပ်စုနေသည်။ လင်းချင်းသည် ခွက်ကွဲတစ်လုံးကို ကိုင်ထားကာ သူမ၏ရှေ့က ထောင့်တွင်ဇွန်ဘီတစ်ကောင်ရှိနေသည်။ သူမက ဘာလုပ်နေသလဲ သူနားမလည်နိုင်ပေ။
“မလှုပ်နဲ့။ အကုန်လုံးက ဇွန်ဘီခေါင်းဆောင်တွေ။ လီလီက သူတို့ကို ခေါ်လာတာ။ သူတို့ကို လေ့ကျင့်မပေးရသေးတော့ လူတွေကို တိုက်နိုင်တယ်။ အောက်ကိုဆင်းရင်ဆင်း မဟုတ်ရင် အဲ့နားမှာ မလှုပ်ဘဲ ငြိမ်နေကြ” လင်းချင်းက သူတို့သုံးယောက်ကို လှည့်ပြောသည်။
ထို့နောက် ခေါင်းမော့ကာ မုံမုံအား “ခုနက ငါ့ကိုဘာကတိပေးထားလဲဆိုတာကို နင်မမေ့နဲ့!”
လူသုံးယောက်ကို ခုန်အုပ်ဖို့လုပ်နေသည့် မုံမုံသည် ချက်ချင်းပြန်ထိုင်သွားသည်။ လင်းချင်းအော်သံကြောင့် သူတို့သုံးယောက်သည် အပေါ်ကို မော့ကြည့်သည့်အခါ အမိုးစွန်တွင် မျက်လုံးနက်များတွင် ဒေါင်လိုက်ဖြစ်နေသည့် သူငယ်အိမ်အစိမ်းရောင်ဖြင့် မုံမုံက သူတို့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ဟင်!!!” သုံးယောက်လုံးသည် ကြောင်အကုန်ကြသည်။ မုံမုံက ဒီအပေါ်တွင် ထိုင်နေမှန်းကို သူတို့လုံးဝကို မသိခဲ့ပေ။
မုံမုံသည် သူတို့အား ဖိအားကောင်းကောင်း ပေးနိုင်သည်။ သူမသည် ချူးလီလီလို တည်ငြိမ်ကာ နူးညံ့ခြင်းမျိုးမရှိဘဲ သူမ၏မျက်လုံးများက ရန်လိုမှုများ ရှိနေသည်။ လီကျန်းတို့သည် ဇွန်ဘီဘုရင်နှင့်ဘုရင်မများကို တစ်ခါမှ မကြုံဖူးဘဲ ဇွန်ဘီခေါင်းဆောင်များနှင့်သာ ကြုံဖူးသည်။ အခုတော့ ဇွန်ဘီခေါင်းဆောင်အုပ်လိုက်ကြီးသည် သူတို့ရှေ့တွင်ရပ်နေကာ သူတို့လှုပ်ချင်တောင် မလှုပ်ရဲတော့ပေ။
လင်းဟောင်သည် ချူးလီလီကို မြင်ဖူးသဖြင့် မုံမုံမှာ ဇွန်ဘီဘုရင်မမှန်း သိလိုက်သည်။ ချူးလီလီလို မဟုတ်ဘဲ သူမသည် ပိုအရိုင်းဆန်ပုံရကာ လူများကို အချိန်မရွေးထတိုက်ဖို့ အသင့်ဖြစ်နေသည့်သူလိုမျိုး ပေါ်နေသည်။ ဒီသုံးယောက်ထွက်လာသည်နှင့် ဇွန်ဘီတိုင်းသည် သူတို့ကို စိုက်ကြည့်နေလေရာ ဦးရေပြားတောင် ထုံကျဉ်လာသလို သူတို့ဖြစ်သွားသည်။
“ငါတို့အောက်ထပ်ကို ဆင်းလို့ရမလား? ဒီနေရာက ကြောက်ဖို့ကောင်းလိုက်တာ!”
ထိုအချိန်တွင် အမိုးအလည်မှာ အဖြူရောင်သဏ္ဍာန်လေးက ပေါ်လာကာ အမိုးပေါ်တွင် တကွဲတပြားဖြစ်နေသည့် ဇွန်ဘီခေါင်းဆောင်လေးကောင်အား အော်လိုက်သည်။ “အ ယာ”
ထိုအသံကြောင့် ဇွန်ဘီခေါင်းဆောင်လေးကောင်သည် ဟိုတယ်ဆီသို့ ပြေးလာသည်။ ထိုအခါ လီကျန်းနှင့် လဲ့ယောင်တို့သည် သတိအပြည့်ဖြစ်သွားသည်။ လင်းဟောင်ကတော့ သတိတစ်ဝက်လောက်သာ ထားသည်။ အဘယ်ကြောင့်ဆိုသော် လင်းချင်းနှင့် ချူးလီလီတို့က သူတို့အား ဒီဇွန်ဘီများထံမှ အတိုက်မခံမည်ကို ယုံကြည်သောကြောင့် ဖြစ်သည်။
ချူးလီလီ၏ ဆင့်ခေါ်သံကြောင့် သက်လတ်ပိုင်းဇွန်ဘီသည် သူမထံသို့ သွားချင်သည်။ သို့သော်လည်း လင်းချင်းက သူ့အရှေ့တွင် ရပ်နေသည်။ ‘ငါသွားရမှာလား? မသွားရဘူးလား? ငါမသွားရင် ဟိုဇွန်ဘီကြီးက ငါ့ကိုစားတော့မှာလား?’ ဇွန်ဘီခေါင်းဆောင်များ၏ မျက်လုံးထဲတွင်တော့ ဇွန်ဘီဘုရင်နှင့် ဘုရင်မတို့သည် ဇွန်ဘီကြီးများပင်။