၃၆၃။ မျက်မှန် မတပ်ဘူး
လင်းချင်းသည် ယွမ်ထန်ရှင်းကို လှည့်မေးလိုက်သည်။ “ဝမ်ဝမ်က ထူးဆန်းနေတယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲ?”
ယွမ်ထန်ရှင်းသည် ခေါင်းကိုခါပြလိုက်သည်။ ဒီမိန်းကလေးများ၏ အတွေးတို့မှာ အချိန်တိုင်းပြောင်းလဲနေသောကြောင့် နားလည်ရသည်က အခက်ခဲဆုံးဟု သူကအမြဲတမ်းခံစားရသည်။ ‘ဝမ်ဝမ်က ဘာတွေးနေသလဲဆိုတာကို ငါဘယ်လိုလုပ်သိမှာလဲ?’
ယွမ်ထန်ရှင်း၏ဘေးတွင်ထိုင်နေသည့် တူယွမ်ရှင်းသည် ထူးဆန်းသည့်အကြည့်ဖြင့် ဖြစ်နေသည်။ လင်းဝမ်ဝမ်က လင်းချင်း၏အကြောင်းကို မေးသည့်အကြောင်းကို သူပြန်မပြောပြသင့်ဘူးဟု ထင်သဖြင့် ပြတင်းပေါက်ဘက်သို့ ခေါင်းအမြန်လွှဲလိုက်သည်။ ဒီအမကြီးဇွန်ဘီကသာ အထင်လွဲသွားပါက ရလဒ်မကောင်းလိုက်ပေ။
လုံချင်းယင်သည် တံခါးကိုခေါက်လိုက်ပြီးနောက် ဖွင့်ဝင်လိုက်သည်။ ထို့နောက် အိပ်ခန်းထဲသို့ လျှောက်သွားသည့်အခါ လင်းဝမ်ဝမ်သည် မှန်တင်ခုံရှေ့တွင် ဆံပင်ထိုင်ညှပ်နေသည်ကို တွေ့လိုက်ရသည်။ လင်းဝမ်ဝမ်၏ လှပသည့် ဆံပင်အနက်ရောင်အရှည်များကို သူမသည် ကိုယ်တိုင်ဖြတ်ချထားနှင့်ပြီ။
လုံချင်းယင်သည် မြင်ရသည်ကို မယုံနိုင်အောင် မျက်လုံးပြူးကျယ်သွား၍ “နင်. . .တကယ်ညှပ်လိုက်တာလား? ဘာတွေ တွေးနေတာလဲ?” လင်းချင်း၏ စကားကို လင်းဝမ်ဝမ်က အတည်နားထောင်လိမ့်မည်ဟု သူမက လုံးဝကို မထင်ခဲ့ပေ။
လင်းဝမ်ဝမ်သည် ခေါင်းကိုလှည့်လာကာ သက်ပြင်းချရင်း “နင်တို့ကို ငါဒုက္ခမဖြစ်စေချင်လို့ ငါ့ကိုယ်ငါ တက်နိုင်သလောက် ပြောင်းလဲတော့မလို့။ ချင်းယင် ငါ့ကိုလာကူညီပေးပါဦး။ အနောက်ပိုင်းကိုတော့ ငါ့ဟာငါညှပ်လို့မရဘူး”
လုံချင်းယင်သည် လင်းဝမ်ဝမ်ကို မယုံနိုင်စွာကြည့်ရင်း လျှောက်လာသည်။ သူမ၏ မျက်နှာထက်တွင် အံ့သြခြင်းနှင့် နားမလည်နိုင်ခြင်းတို့က ထင်ဟပ်နေသည်။
“ဘာဖြစ်လို့ ငါ့ကိုဒီလိုကြည့်နေတာလဲ? ငါ့ကိုယ်ငါဘယ်လို ကာကွယ်ရမလဲ မသိဘူးလို့ နင်ပြောတာပဲ။ ဂါဝန်တွေ ဝတ်နေတာက တချို့လူတွေကို ပြစ်မှုကျူးလွန်ချင်လိမ့်မယ်ပြောလို့ ငါမဝတ်တော့ဘူးမလား? ဆံပင်ရှည်က အဆင်မပြေဘူးဆိုလို့ ငါညှပ်လိုက်ပြီမလား? ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာလည်း နင့်ဆီက သင်မှာပါ။ သင်ပေးရမယ်နော်” လင်းဝမ်ဝမ်သည် ကပ်ကြေးကို လုံချင်းယင်၏ လက်ထဲသို့ ထိုးပေးရင်း မျက်လုံးကိုလှန်ကာ ဖြေသည်။
လုံချင်းယင်သည် ကပ်ကြေးယူလိုက်ကာ ခေါင်းရှုပ်စွာဖြင့် သဘောမတူပေ။ “ဘာ? ဘာဖြစ်လို့ ငါကနင့်ကို သင်ပေးရမှာလဲ? တခြားဆရာ မရှာနိုင်လို့လား?”
လင်းဝမ်ဝမ်သည် လုံချင်းယင်ကို ခေါင်းမော့ကြည့်ကာ မေးသည်။ “ဘယ်သူက ကောင်းလောက်မလဲ?”
လုံချင်းယင်သည် သူမကို ကြည့်ကာ “ဝမ်ရှုကို သင်ခိုင်းလို့ရသားပဲ။ သူက တိုက်ရေးခိုက်ရေးတော်တဘ်။ ပြီးတော့လည်း သဘာဝလွန်အင်အားလည်း ရှိသေးတယ်”
လင်းဝမ်ဝမ်သည် မျက်လုံးကို လှန်လိုက်ကာ “နင်ပြောသလိုပဲ ငါ့ယောင်းမက သဘာဝလွန်အင်အားရှိတယ်။ တစ်ချက်ကန်ရုံနဲ့ နံရံကိုတောင် ဖြိုနိုင်တာမလား? နင်ငါ့ကိုကျိုးပဲ့သွားစေချင်နေတာလား? နင့်ဆီက အခြေခံလောက်ပဲ သင်လို့မရဘူးလား? ပြီးမှ သူ့ကိုဆက်သင်ခိုင်းမယ်လေ?”
လင်းဝမ်ဝမ်၏ စကားများက အဓိပ္ပါယ်ရှိသောကြောင့် သူမသည် ဘာပြောရမှန်းတောင် မသိဖြစ်သွားသည်။
ချန်းဝမ်ရှုတွင် သဘာဝလွန်အင်အားရှိသည်။ သူမသည် သာမန်လူသားငါးယောက်၏ အင်အားထက်တောင် ကြီးမားတာ ဖြစ်သည်။ ထိုအပြင် သူမသည် အခုအဆင့်ငါးဖြစ်နေလေရာ ကျန်းမာသည့် ယောက်ျား၁၀ယောက်ကို တစ်ခါတည်းတိုက်ခိုက်နိုင်သည်။ လင်းဝမ်ဝမ်ကို မင်းသမီးလေးဆိုရင်တော့ ပြောဖွယ်ကို မရှိပေ။ ထို့အတူ ဘယ်လိုတိုက်ခိုက်ရမလဲ သင်ခြင်းတွင် အရိုက်ခံရခြင်းထက် ပိုကောင်းသည်က မရှိပေ။ ဒါသည် လူ့ခန္ဓာကိုယ်၏ အရည်အချင်းများကို လှုံ့ဆော်ခြင်းပင်။
လုံချင်းယင်သည် လင်းဝမ်ဝမ်၏ မျက်နှာကိုကြည့်ကာ သံသယဖြင့် မျက်ခုံးပင့်လိုက်သည်။ “အရင် လေ့ကျင့်ခန်းလုပ်။ နင်မတိုက်ခိုက်ခင် နင့်ရုပ်ပိုင်းဆိုင်ရာ သန်မာနေဖို့ကို အရင်တိုးတက်အောင် လုပ်မှပဲ။ နင်တကယ်လုပ်မလို့လား? နောက်နေတာတော့ မဟုတ်ဘူးမလား? မဟုတ်ရင် မြန်မြန်လက်လျော့တော့မှာလား? ဒါမျိုးနင့်နဲ့ ငါကူဆော့ပေးနေဖို့ အချိန်မရှိဘူး”
လင်းဝမ်ဝမ်သည် ရယ်ရင်းဖြင့် “အထင်သာ ဆက်သေးနေလိုက်။ နင့်မျက်မှန်ပြုတ်ကျတဲ့အထိ အံ့သြအောင် လုပ်ပြမယ်”
လုံချင်းယင်သည် အမှုအယာမဲ့စွာဖြင့် ကပ်ကြေးကို လေထဲတွင်ညှပ်ကြည့်ရင်းက “ဆောရီးပဲ။ ငါမှ မျက်မှန်မတပ်တာ”
လင်းဝမ်ဝမ်သည် ပုခုံးကိုတွန့်လိုက်ကာ လုံချင်းယင်ကို ကျောပေး၍ ထိုင်လိုက်ရင်း “ဒါဆိုရင်လည်း နင့်မေးပြုတ်ကျသွားမှာမျိုး အဖြစ်မခံနဲ့”
ဧည့်ခန်းထဲတွင် လင်းချင်းသည် လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့၏ စကားများကို ခပ်တိုးတိုးကြားနေရသည့်အခါ ထူးဆန်းသည့် အမှုအယာဖြစ်သွားသည်။ အခြားသူများကို သူမတစ်ချက်ကြည့်လိုက်ပြီးနောက် ဘာကိုမှ မပြောတော့ပေ။ သို့သော်လည်း လုံချင်းယင်ပြောသလို လင်းဝမ်ဝမ်သည် အနည်းငယ်ထူးဆန်းလာသည်ဟု သူမကလည်း ခံစားနေရသည်။
‘ဆံပင်ညှပ်တယ်. . .တကယ်ကြီး ဆံပင်ကိုညှပ်ပစ်ချင်စိတ်တွေ ရှိနေတယ်ပေါ့ ၁၀နှစ်ကျော်တဲ့အထိ သူ့ဆံပင်ကို တစ်ခါမှ ညှပ်ပစ်တာမျိုး မရှိခဲ့တာကို။ အရင်က ငါဒီဆံပင်ညှပ်ဖို့ အခါခါပြောပင်မယ့် ငြင်းနေတာပဲ။ အခုတော့ သူ့ဟာသူတောင် ညှပ်ပစ်နေတယ်’
‘ပြီးတော့လည်း ဘယ်လိုတိုက်ရမလဲ သင်ချင်တယ်? ရေပုံးသယ်ပြီး ငါးလှမ်းတောင် မလျှောက်နိုင်တဲ့ ဒီကောင်မလေးက အခုတော့ ဘယ်လိုတိုက်ရမလဲကို သင်တော့မယ် နည်းနည်းလောက်ထိတာနဲ့ အာပြဲကြီး အော်ငိုတော့မှာတော့ မဟုတ်လောက်ဘူးမလား?’
လင်းချင်းသည် သူမ၏ညီမလေး ကိုယ်ထဲသို့ တခြားဝိညာဉ်က ဝင်နေသလား အံ့သြနေမိသည်။ သူမကိုယ်တိုင်တောင်မှ သူများ၏ကိုယ်ထဲသို့ ဝင်နေသည် ဖြစ်သောကြောင့်ပင်။
စခန်းအလည်မှ မိုးခြိမ်းသံများက ကျယ်သက် ကျယ်လာသည့်အခါ ယွမ်ထန်ရှင်းက “ခေါင်းဆောင်ဝူက တကယ်သန်မာတာပဲ။ သူက ဒီလောက်အဖျက်စွမ်းကြီးတဲ့ တိုက်ကွက်တွေ ထုတ်နေတာတောင် ယန်းချောင်းက မသေနိုင်သေးဘူးလား? ယန်းချောင်းက လေအစွမ်းမလား? တိုက်ခိုက်တာရော ခုခံတာရော မကောင်းပင်မယ့် အမြန်ရှောင်လို့ပဲ ရမှာမလား?”
တူယွမ်ရှင်းသည် ခေါင်းငြိမ့်ကာ “ဟုတ်တယ်။ တိုက်နေတာက နာရီဝက်လောက်ကြာနေပြီ။ သူတို့နေရာလည်း ပြောင်းနေတော့ ယန်းချောင်းက ထွက်ပြေးနေပုံပဲ”
ယွမ်ထန်ရှင်းသည် လက်ပိုက်လိုက်ကာ “ခေါင်းဆောင်ဝူက ထွက်ပြေးခွင့်ပေးမယ်လို့ ငါမထင်ဘူး”
လင်းချင်းက ဝင်ပြောသည်။ “ဒါကို ငါသံသယဝင်မိတယ်။ အခု ယန်းချောင်းရဲ့ အရှိန်အဝါက လုံးဝပြောင်းသွားပြီ။ တကယ်လို့ ဝူချန်းယွဲ့ကသာ ယုံကြည်မှုလွန်နေရင် နောင်တရတော့မယ်။ ဒါပင်မယ့် သူပြင်ဆင်ထားတာ ကြာနေမှတော့ ယန်းချောင်းကို အမှတ်တမဲ့နဲ့ ထွက်ပြေးခွင့်တော့ ပေးမယ်မထင်ဘူး။ ဒီလိုဖြစ်ရင်တော့ ရှက်စရာကြီးပဲ”
ယွမ်ထန်ရှင်းသည် သူမကို တစ်ချက်ကြည့်ကာ “ဘာကို ခံစားမိလို့လဲ?”
လင်းချင်းက ခေါင်းခါကာ “သူ့အရှိန်အဝါမှာ မရှင်းလင်းတဲ့ ပြောင်းလဲမှုတွေ”
ဒီလိုပြောပြီးနောက် လင်းချင်းသည် ပြတင်းပေါက်နားသို့လာကာ မျက်လုံးကိုမှိတ်၍ အပြင်ဘက်ကို အနံ့ခံကြည့်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ “သူက ပိုးကူးဆက်ခံထားရပြီ။ သူ့ကိုယ်ထဲကပိုးကို သူ့အစွမ်းနဲ့ တစ်ချိန်လုံး ဖိနှိပ်ထားခဲ့ပုံရတယ်။ အခုတော့ အကုန်ထုတ်ချလိုက်တော့ လူတစ်ဝက် ဇွန်ဘီတစ်ဝက်ကောင် ဖြစ်နေပြီ။ တကယ်လို့ ငါ့အထင်သာမှန်ရင် သူ့အသွင်ပြင်လည်း ပြောင်းသွားလောက်ပြီ” ဒါသည် သူမ၏အထင်သာ ဖြစ်သဖြင့် မှန်မမှန်ကိုတော့ မသိပေ။
မကြာခင်တွင် လင်းဝမ်ဝမ်၏ တံခါးပွင့်လာသည်။ လင်းချင်းတို့ လှည့်ကြည့်လိုက်သည့်အခါ အခန်းထဲမှ ငယ်ရွယ်သည့် ဆံပင်တိုဖြင့် ကောင်မလေး ထွက်လာသည်ကို မြင်လိုက်ရသည်။
လင်းဝမ်ဝမ်သည် ဆံပင်အကုတ်ဖြင့် ဖြစ်နေသဖြင့် လုံးဝကို ကွဲပြားနေတော့သည်။ သူမသည် ညင်သာကာ တိတ်ဆိတ်သည့်ပုံလေး ဖြစ်ခဲ့သောလည်း အခုတော့ သပ်ရပ်ကာ တောက်ပနေလေသည်။ သူမ၏ ကလေးဆန်သည့် မျက်နှာလှလှလေးတင် အပြုံးဖျော့ဖျော့လေး ရှိနေသဖြင့် ချစ်ဖို့ကောင်းသည့်ပုံ တစ်မျိုးလေးက ပေါင်းရှိနေသည်။ ဒါအပြင် သူမ၏ မျက်လုံးသည် ဆုံးဖြတ်ချက်ပြတ်သားနေစွာဖြင့် တောက်ပလို့ နေသည်။
နောက်က လုံချင်းယင်ကတော့ ယွမ်ထန်ရှင်းတို့၏ တုန့်ပြန်မှုကို သိချင်စွာဖြင့် ကြည့်နေသည်။
လင်းချင်းသည် ခုနတည်းက စကားများကို ကြိုကြားထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမ၏ညီမလေး၏ ပုံစံအသစ်ကို မြင်သည့်အခါ ဆန်းနေသလိုသာ ခံစားရသည်။ ထို့အတူ ကလေးမျက်နှာလေးကြောင့် ဆံပင်အတိုဖြင့် ရုပ်ဆိုးမသွားပေ။ သို့သော်လည်း ဒီလိုအကြမ်းဖျင်းညှပ်ထားသည့် ဆံပင်အကုပ်က သူမ၏အလှကို အနည်းငယ် လျှော့ပစ်နိုင်သည်။
လင်းချင်းနှင့်မတူဘဲ ယွမ်ထန်ရှင်းနှင့် တူယွမ်ရှင်းတို့သည် ကြောင်အသွားသည်။ လင်းဝမ်ဝမ်ကို နားမလည်စွာကြည့်ကာ အံ့သြခြင်းနှင့် တခြားခံစားချက်တို့ဖြင့် ရှုပ်ထွေးကုန်ကြသည်။
“နင်. . .နင်. . .ဘာက နင့်ကိုတက်ကြွသွားတာလဲ?” တူယွမ်ရှင်းသည် မမေးဘဲ မနေနိုင်ပေ။
လင်းဝမ်ဝမ်သည်လည်း သူမ၏ ပုံစံအသစ်ဖြင့် မနေတက်သေးဖြစ်နေရာ တူယွမ်ရှင်း၏ စကားများကို ကြားသည်နှင့် ဒေါသတကြီး ကြည့်တော့သည်။
“နင်လုပ်လိုက်တာဟေ့ နင်တို့ပဲ ငါ့ကိုဆံပင်ညှပ်ဖို့ ပြောတာမလား?”