၃၀၆။ အဝင်အထွက်မှတ်တမ်း
ရှောင်လီချန်း၏ စကားကိုကြားသည့်အခါ ဝူချန်းယွဲ့သည် စာရင်းကိုယူ၍ ကြည့်လိုက်သည်။ သူပြောသလိုပင် စာရင်းထဲတွင်ပါသည့် လူအချို့သည် ‘လင်း’အမည်ဖြစ်နေကြသည်။
“ဟင်? ဘာဖြစ်လို့ သူတို့က ဒီကိုရောက်နေတာလဲ? အပြင်မှာ သူတို့ဆီကို လူလွှတ်ခံထားရတယ်မလား? ပြီးတော့ ယွမ်ထန်ရှင်းကလည်း စခန်းကနေ ဒီမနက်ပဲ ထွက်သွားတာ လမ်းမှာမတွေ့ကြဘူးလား?” ဝူချန်းယွဲ့က မေးသည်။
ဝူချန်းယွဲ့နှင့် လျန်တရှုတို့အပြင် တခြားသူများသည် ယန်ချောင်းက ယွမ်ထန်ရှင်းတို့လူများနောက်သို့ လူလွှတ်ထားကြောင်းကို မသိပေ။ ထို့ကြောင့် ဒီစကားများကို ကြားသည့်အခါ တခြားသူများသည် တစ်ခုခုဖြစ်ကြောင်းကို သိသွားသည်။
“သူတို့လမ်းမတူကြတာ ဖြစ်မယ်” ရှောင်လီချန်းက ပြောသည်။ “လင်းဖန်တို့လူတွေ ပေါ်လာတယ်ဆိုတော့ သူတို့မသိသေးတာ ဖြစ်မယ်။ ဒါပင်မယ့် အနည်းဆုံးတော့ ခေါင်းဆောင်ပြောသလို သူတို့ကို ဘယ်သူမှ ဘာမှမလုပ်ရသေးတာတော့ သေချာတယ်။ ဒါမှမဟုတ်. . .သူတို့ကို ထိခိုက်အောင် မလုပ်နိုင်တာများလား”
ဝူချန်းယွဲ့သည် စာရင်းကို ဖတ်ပြီးနောက် လင်းဆိုသည့် မိန်းမကို ဂရုစိုက်ရှာကြည့်သည်။ သူတွေ့ခဲ့သည့် အမျိုးသမီးဖြစ်ပုံရသည့် နာမည်ဟူ၍ လင်းဝမ်ဝမ် ဆိုသည်သာ ရှိသည်။
“အခု လင်းဝမ်ဝမ်က စခန်းမှာလား?” သူသည် လင်းဝမ်ဝမ်၏ နာမည်ကိုကြည့်ကာ မေးသည်။ အကယ်၍ သူမသည်သာ သူ့သမီးကို ခိုးသွားသည့်သူဆိုလျှင် စခန်းတွင် ရှိမနေသင့်ပေ။ သို့သော်လည်း စခန်းတွင်သာ ရှိနေလျှင် လျန်လျန်ကို ခေါ်သွားသည့်သူမှာ မည်သူနည်း?
ရှောင်လီချန်းသည် ခေါင်းငြိမ့်ကာ “စခန်းမှာရှိတယ်။ ဒီစာရင်းထဲက ဘယ်သူမှ အဝေးကြီးကို ထွက်မသွားသေးဘူး”
ဝူချန်းယွဲ့၏မျက်နှာသည် မည်းသည်းသွားကာ ရှောင်လီချန်းကို ကြည့်၍ “ဒီမိန်းမက စခန်းထဲမှာကို မင်းပြောနေတာလား?”
ရှောင်လီချန်းသည် ခေါင်းငြိမ့်ကာ တစ်ခုခုကို တွေးမိသွားပုံရ၍ ဆက်ပြောသည်။ “ဪ! ဟွမ်မင်း ပြန်လာတယ်။ ပြီးတော့ သူကလင်းဖန်တို့နဲ့။ ဟွမ်မင်းတို့အဖွဲ့နဲ့ လိုက်သွားတဲ့ လီကျန်းတို့လည်း ပြန်ရောက်လာကြတယ်”
“သူတို့က လင်းဖန်ကို တွေ့တာလား?” ဝူချန်းယွဲ့သည် အံ့သြစွာ ပြောသည်။
“ဒီလိုထင်တယ်” ရှောင်လီချန်းက ပြောသည်။ “မဟုတ်ရင် စခန်းကို အတူတူပြန်လာစရာမှ မရှိတာ”
ဝူချန်းယွဲ့သည် ချက်ချင်းလှည့်ပြောသည်။ “အခု လင်းဝမ်ဝမ်ကို သွားရှာပြီးတော့ တခြားသူတွေနဲ့ တွေ့ကြည့်ရအောင်!” ဒီလိုပြောကာ လှည့်ထွက်သွားသည်။
ထို့ကြောင့် ဝူချန်းယွဲ့ခေါ်၍ ဖန်လုံအိမ်မှ ထွက်လာရသည့် လုထန်ရိသည် လင်းဝမ်ဝမ်ဟူသည့် မိန်းမကို ဘာဖြစ်လို့ သွားရှာသလဲ တွေးကျန်နေခဲ့သည်။ သူပဟေဠိဖြစ်နေသည်မှာ ‘ဟေးဒီးစခန်းက လူတွေက ငါ့အမနဲ့ ဘာလုပ်နေတာလဲ? လင်းဆိုတဲ့ နာမည်ကြောင့်လား?’
လုထန်ရိသည် လင်းချင်းမှာ ဝူချန်းယွဲ့၏ အရှေ့တွင် ‘လင်း’ဟု ဖြေခဲ့သည်ကို တွေးမိသည်။ သူမ၏ နာမည်ရင်းကို မသိစေချင်သောကြောင့် ဒီလိုပြောခြင်းဖြစ်မည်ဟု ထင်နေတာ ဖြစ်သည်။ သို့သော်လည်း မမျှော်လင့်သည်မှာ ဝူချန်ယွဲ့သည် တခြားစခန်းက ဒီနာမည်ပါသည့် လူများနှင့် ဆက်သွယ်မိနေတာပင်။
လူတိုင်းကို တချိန်လုံး အာရုံစိုက်နေတက်သည့် ကောင်းချင်းမင်းသည် ဘယ်လက်ကိုပိုက်ကာ ညာလက်ကို ထိုလက်ပေါ်တင်၍ မေးကိုပွတ်နေရင်း ဝူချန်းယွဲ့တို့က ဘာဖြစ်လို့ အလျင်စလို ထွက်သွားသလဲကို သိချင်နေပုံရသည်။ “ကြည့်ရတာ လူတချို့က ပြဿနာရှာလိုက်ပုံပဲ။ သူတို့က တကယ်ကြီး ခေါင်းဆောင်ဝူကို ပစ်မှတ်ထားရဲတယ်။ မင်းရဲ့မိသားစုထဲက တစ်ယောက်မလား?”
သူမတွင် နယ်မြေရှိသောကြောင့် ကောင်းချင်းမင်း ပြောသည်မှာ ဖြစ်နိုင်ချေများသည်။ လုထန်ရိက “ငါက ဘယ်လိုလုပ်သိမှာလဲ?”
ကောင်းချင်းမင်းသည် လက်နှစ်ဖက်ကိုချကာ လက်ခုပ်တီးလိုက်ရင်း “အကောင်းဆုံးက လိုက်သွားကြည့်ဖို့ပဲ။ မင်းကတော့ အလုပ်ဆက်လုပ်နေခဲ့”
ဒီလိုပြော၍ လုထန်ရိ၏ ပုခုံးကိုပုတ်လိုက်ကာ ဝူချန်းယွဲ့တို့ နောက်သို့ လိုက်သွားသည်။
တစ်ယောက်တည်း အလုပ်လုပ်ဖို့ ကျန်ခဲ့ရရှာသည့် လုထန်ရိမှာ ဆွံ့အနေသည်။ ‘မင်းပွဲကြီးပွဲကောင်း ကြည့်ချင်နေတာ ငါသိပင်မယ့် ဒီလောက် ပေါ်တင်ကြီး မလုပ်ပါနဲ့လား?’
. . .
ထိုအချိန်တွင် ကန်ထဲရှိနေသည့် လင်းချင်းသည် သူမ၏ကိုယ်ထဲသို့ ထူးဆန်းသည့် စွမ်းအားများက ဝင်နေစဉ် သူမ၏ဦးနှောက်ထဲမှ စွမ်းအင်များသည် လှုပ်နေသည်ကို ခံစားမိသည်။ နွယ်လေးသည် သူမကို ထိခိုက်အောင် လုပ်မှာမဟုတ်သည်ကို ယုံကြည်သောကြောင့် ထိန်းချုပ်မနေတော့ပေ။
နွယ်လေးသည် ဝူယွဲ့လင်း၏ကိုယ်ထဲမှ ပိုနေသည့်စွမ်းအားများကို လင်းချင်းထံသို့ လွှဲပေးကာ သူမ၏ကိုယ်လေးကို သူ့အစွမ်းဖြင့် ထိန်းနေသည်။ ကလေးမလေး၏အစွမ်းအများစုသည် ခေါင်းတွင်ရှိနေသည်ဖြစ်ရာ ထိုအပိုင်းကို နွယ်လေးသည် ထုတ်၍ လင်းချင်းထံသို့ ထည့်ပေးသည်။
လင်းချင်းသည်သာ ကြားခံအဖြစ်လုပ်မပေးလျှင် ဝူယွဲ့လင်း၏ကိုယ်သည် ပေါက်ကွဲသွားလောက်သည်။ နွယ်လေးသည် အစွမ်းကုန်ကြိုးစား၍ ထုတ်ပေးနေသော်လည်း ဒါကအန္တရာယ်များနေဆဲပင်။ နွယ်လေးသာ တစ်ချက်မထိန်းချုပ်နိုင်လိုက်ပါက လုံးဝပေါက်ကွဲသွားမှာပင်။
. . .
တစ်ဖက်တွင် ယွမ်ထန်ရှင်းတို့သည် လမ်းကြမ်းမောင်းကားနှစ်စီးဖြင့် ထွက်လာသည်မှာ ကျားရှင်းမြို့သို့ ရောက်နေပြီဖြစ်သည်။ သူတို့ ကားမောင်းနေတုန်း ရုတ်တရပ်ကြီး ကောင်းကင်ပေါ်ကနေ အဖြူသဏ္ဍာန်တစ်ခုသည် ဆင်းသက်လာကာ သူတို့ကားကို တားသည်။
ကျွီ! တူယွမ်ရှင်းသည် ကားဘရိတ်ကို အမြန်အုပ်လိုက်ရသည်။ စတီယာဘီးကို ခေါင်းဖြင့်တိုက်မိတော့မလို ဖြစ်ချိန်တွင် ကားထဲက တခြားသူများသည်လည်း ယိမ်းထိုးကုန်ကြသည်။
“အား. . .ငါ့လည်ပင်း မင်းကားဘရိတ်အုပ်မယ်ဆိုရင် နောက်တစ်ခါ ငါတို့ကိုပြောကွာ. . .” လင်းယုသည် ဒါရိုက်ဘာခုံဖြင့် သူ့ခေါင်းက ဆောင့်မိသွားတာ ဖြစ်သည်။ ထို့နောက် ခေါင်းကိုစောင်းကာ အံ့ကြိတ်ရင်း ဒီလိုပြောသည်။
“တောက်! ငါဘာလုပ်ချင်တယ်လို့ မင်းကထင်နေတာလဲ? တစ်နာရီကို မိုင်၈၀နှုန်းနဲ့ မောင်းနေတာကို ငါတို့ကားရှေ့မှာ တစ်ယောက်က ပေါ်လာလို့ကွ။ ငါကားရပ်နိုင်လိုက်တာပဲ အံ့သြဖို့ကောင်းနေပြီ” တူယွမ်ရှင်းသည် ကြောင်အစွာဖြေသည်။ ထို့နောက် အဖြူသဏ္ဍာန်ကို သေချာမြင်ရသည့်အခါ အံ့သြသွားကာ “ဟင်? ဒါချူးလီလီမလား?”
“ချူးလီလီက ဘယ်သူလဲ?” လင်းယုသည် လည်ပင်းကိုစောင်းထားရင်းက မေးသည်။
ရှေ့ခုံတွင် ထိုင်နေသည့် တူယွမ်ရှင်းသည် ကားတံခါးဖွင့်ကာ ဆင်းသွားသည်။ သူဆင်းသွားသည်နှင့် တူယွမ်ရှင်းတို့လည်း ဆင်းလိုက်သွားသည်။ သူတို့ကားနှင့် နှစ်မီတာအကွာတွင် ကားရပ်လိုက်ရသည့် ရှောင်ယွင့်လုံသည် သူတို့ကားပေါ်က ဆင်းသွားသည်ကို မြင်လိုက်ရသည်။
ယွမ်ထန်ရှင်းသည် ချူးလီလီကို မြင်လိုက်ရသည့်အခါ အရမ်းပျော်သွားသည်။ သူမထံသို့ အမြန်ပြေးကာ စိတ်လှုပ်ရှားစွာဖြင့် “နင်က ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ? လင်းဖန်တို့ရော ဘယ်မှာလဲ?”
ဒီလောက်မြူးကြွနေသည့် သူ့ကိုကြည့်ကာ ချူးလီလီသည် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။ သူမ၏လှုပ်ရှားမှုသည် သူမမှာ လူသားများဖြင့် နီးကပ်စွာ နေရခြင်းကို မကြိုက်သည့်အကြောင်း ယွမ်ထန်ရှင်းကို သတိပေးနေသလို ဖြစ်သည်။
“ပြန်သွားဖို့မလိုဘူး။ နင်တို့ရှာနေတဲ့သူတွေက ပင်လယ်မြို့တော်စခန်းကို အခုရောက်နေပြီ” ချူးလီလီသည် ယွမ်ထန်ရှင်းအား သူမ၏အနီနှင့်အနက်ရောနေသည့် မျက်လုံးတောက်တောက်များဖြင့် ခေါင်းမော့ကာ ကြည့်ပြောသည်။ ဒီလိုပြောရင်း သူမသည် မြေပြင်နှင့် အားပြုခုန်လိုက်ကာ သူတို့ကားအမိုးပေါ်သို့ ခုန်တက်လိုက်သည်။
ယွမ်ထန်ရှင်းသည် အစက နားမလည်ဖြစ်သော်လည်း နောက်နားလည်သွားကာ သူမကို ခေါင်းမော့ကြည့်၍ အံ့သြစွာ မေးသည်။ “လင်းဖန်တို့က အခုပင်လယ်မြို့တော်စခန်းကို ရောက်နေတာလား? ငါက ဘယ်လိုလုပ်ပြီး မသိလိုက်မိတာလဲ?”
ချူးလီလီသည် သူမ၏ ကျစ်စာမြီးအရှည်ကြီးနှစ်ခုကို လက်နှစ်ဖက်ဖြင့်လိမ်နေရင်း ဖြေသည်။ “သူတို့က လွန်ခဲ့တဲ့ ၁နာရီကပဲ ရောက်တယ်။ နင်တို့က စခန်းက ထွက်သွားတာ ၂နာရီကြာပြီဆိုတော့ နင်တို့ကို ငါလာရှာရတာ”
ထိုအခါ ယွမ်ထန်ရှင်းသည် လုံးဝစိတ်အေးသွားနိုင်ကာ မေးသည်။ “ဒါဆိုရင် သူတို့အကုန်လုံး အဆင်ပြေကြတယ်မလား?”
“အကုန်အဆင်ပြေကြတယ်” ချူးလီလီက ခေါင်းငြိမ့်ကာ ဖြေသည်။
ယွမ်ထန်ရှင်းသည် သက်ပြင်းချကာ ပြောသည်။ “ကောင်းတယ်! သူတို့နောက်လိုက်တဲ့ လူတချို့ရှိတယ်လို့ ငါကြားလို့။ တစ်ခုခုဖြစ်မှာစိုးတာနဲ့ ငါပြန်လာတာ။ နင်တို့က အရင်ရောက်နေတော့ အံ့သြတောင်သွားတယ်!”
ချူးလီလီသည် ခေါင်းခါကာ “ဘာမှမဖြစ်ဘူး။ ငါနင့်ကိုတွေ့ပြီဆိုတော့ နင်တို့ ဖြစ်နိုင်သမျှ မြန်မြန်ပြန်ကြတော့!”
ဒီလိုပြောပြီးနောက် သူမသည် တစ်ဖက်က ရှောင်ယွင့်လုံအား လှည့်၍လျှာထုတ်ပြောင်ပြကာ ချက်ချင်းကို ပျောက်သွားတော့သည်။