May Honey Logo May Honey
Previous Next

၂၅၁။ ဘာဖြစ်လို့ငါ့ကိုချတာလဲ?

မိနစ်အချို့ကြာသည့်အခါ လင်းချင်းသည် အထဲမှနေ တိတ်ဆိတ်စွာ လျှောက်ထွက်လာသည်။ မြေအောက်ကားပါကင်တွင်တော့ ယန်ကျင်းဟွာတို့ပိုင်သည့် ကားများသည် မရှိတော့ကာ မေ့မြောနေသည့် စစ်သားအချို့သာ ကျန်တော့သည်။

ယန်ကျင်းဟွာက သူမကို ထောက်လှမ်းမိမှာ စိုးသောကြောင့် လင်းချင်းသည် သူမ၏ အရှိန်အဝါကို ဖြစ်နိုင်သမျှလျှော့ထားသည်။ ထို့ကြောင့် သာမန်ဇွန်ဘီများသည် သူမကို အာရုံမခံမိကာ ထိုနေရာက စစ်သားများ၏အနံ့ကိုသာရ၍ ဖြည်းဖြည်းချင်း ရောက်လာကြသည်။

လင်းချင်းသည် မြေအောက်ကားပါကင်မှ ယန်ကျင်းဟွာတို့ အဆောက်အဦးသို့ အနံ့ခံလိုက်သည်။ ထို့နောက် အဆောက်အဦးမှ အပြင်သို့ထွက်နေသည့်အရာများပေါ်သို့ သွက်လက်စွာဖြင့် တွယ်တက်သွားသည်။ မကြာခင်တွင် သူမသည် အပေါ်ဆုံးထက်သို့ လွယ်ကူစွာ ရောက်သွားကာ ပြတင်းပေါက်မှနေ ဝင်လိုက်သည်။ သူမသည် နံရံဘေးကိုကပ်၍ ဝင်သွားလေရာ စစ်သားလေးယောက်စောင့်နေသည့် တံခါးတစ်ခုကို တွေ့သည်။

ထို့နောက် လှေကားကို ကြည့်လိုက်သည့်အခါ သူမထင်သလိုပင် ဒီနေရာကို သေချာစောင့်ကြပ်ထားသည်။ သူမသည် ကိုယ်ဖျောက်ထားလေရာ သရဲတစ်ကောင်လိုမျိုး တံခါးနားသို့ တိတ်ဆိတ်စွာဖြင့် စစ်သားများကို ရှောင်ရှား၍ ကပ်သွားသည်။ ပိတ်ထားသည့် တံခါးကို သူမကြည့်လိုက်သည်။ လင်းချင်းသည် သရဲလိုကိုယ်ပျောက်နေသော်လည်း သရဲလို တံခါးကိုတော့ ဖောက်မဝင်နိုင်ပေ။

လင်းချင်းသည် လက်ပိုက်ကာ သူမ၏ဘေးတွင် ဓာတ်မီးများကို ကိုင်ထားသည့် စစ်သားများကို ကြည့်လိုက်သည်။ ထို့နောက် အထဲကအသံကိုကြားရရန် တံခါးရွက်ကိုနားဖြင့် ကပ်၍ နားထောင်ကြည့်သည်။ သူမသည် အသက်ရှုသံများစွာကို ကြားရသဖြင့် အခန်းထဲတွင် လူအများကြီးရှိမည်မှန်း သိလိုက်သည်။ သို့သော်လည်း အဘယ်ကြောင့် တစ်ယောက်မှ စကားမပြောကြသနည်း?

လင်းချင်းသည် လက်ပိုင်းရင်း ဘေးကစစ်သားများကို တစ်ချက်ထပ်ကြည့်လိုက်သည်။ ထို့နောက် လင်းချင်းသည် ဘေးကစစ်သားနှစ်ယောက်ကို လက်နှစ်ဖက်မြှောက်၍ ရိုက်ချပစ်လိုက်သည်။ ပြီးသည်နှင့် သူမသည် လွတ်ရာကို အမြန်ရှောင်လိုက်သည်။

“ဘာဖြစ်လို့ ငါ့ကိုလာချတာလဲ?”   လင်းချင်းထံမှ အရိုက်ခံလိုက်ရသည့် စစ်သားနှစ်ယောက်သည် အချင်းချင်းစိတ်တိုစွာကြည့်ရင်း အော်ကြတော့သည်။

“မင်းအရင်လာချတာ ငါက ဘယ်တုန်းက မင်းကိုချလို့လဲ?”

“တောက်! ငါချတာ မင်းမြင်လား? မင်းမချရင် ဘယ်ကောင်က ငါ့ကိုချမှာလဲ? ငါ့ရှေ့မှာ မင်းပဲရှိတာကို!”

“မင်းအရူးလား? ငါကမင်းရှေ့မှာရှိတာနဲ့ မင်းကိုချတဲ့သူက ငါဖြစ်ရမလား? မင်းလည်း ငါ့ရှေ့ရပ်နေတာ။ ဒါဆိုရင် ငါ့ကိုချတာက မင်းပဲမလား?”

စစ်သားနှစ်ယောက်သည် ဘာဖြစ်မှန်း မသိကြသဖြင့် အချင်းချင်း စကားများကြတော့သည်။

“ဟေ့ကောင်တွေ ဘာဖြစ်နေကြတာလဲ? ဘာဖြစ်လို့ အော်နေကြတာလဲ? ခေါင်းဆောင်ကြားရင် အပြစ်ပေးခံနေရမယ်။ သတိထားကြစမ်းပါကွာ”   ဘေးတွင် ရိုင်ဖယ်ကိုင်ထားသည့် စစ်သားက ပြောသည်။

လင်းချင်းထံမှ အရိုက်ခံရသည့်နှစ်ယောက်ထဲက တစ်ယောက်သည်   “ငါ့ကိုအခုလေးတင် တစ်ယောက်ယောက်က ရိုက်သွားတယ်။ သူပဲဖြစ်မှာ”

“ဟင်? ခနလေး မင်းတို့ထူးဆန်းတာ မခံစားရဘူးလား?”   တတိယစစ်သားသည် တွေဝေစွာဖြင့် သူတို့ကိုကြည့်သည်။

“ဘာလဲ?”

“မင်းတို့နှစ်ယောက်လုံးက တစ်ချိန်တည်းမှာ ချခံရတာ။ နှစ်ယောက်လုံးက ဘာမှမမြင်လိုက်ကြဘူး။ ငါ့အထင် မင်းတို့ကို တခြားတစ်ယောက်ယောက်က ရိုက်သွားသလိုပဲ!”

“ဘာကိုပြောချင်တာလဲ?”

“ဟုတ်တယ်။ ဒီမှာငါတို့အပြင် ဘယ်သူမှ မရှိဘူးမလား? မင်းက ဟိုမှာရပ်နေတာကို ငါတို့မမြင်ဘဲ ဘယ်လိုလုပ်ရိုက်နိုင်မှာလဲ?”

“ဒါဟုတ်တယ်။ ဒါပင်မယ့် ငါတို့အပြင် ဘယ်သူရှိသေးလို့လဲ?”

“ဟေ့! တိတ်တိတ်နေကြ! မင်းက သရဲအကြောင်း ပြောနေသလိုမျိုး ငါထင်တာပြီ ကျောချမ်းစရာကြီးကွာ!”   အနည်းငယ်ကြောက်တက်သည့် စစ်သားက ပြောသည်။ 

အခြားသူများက ဆွံ့အကုန်သည်။

လင်းချင်းသည် ကြောက်နေသည့် တစ်ယောက်ကို ကြည့်ကာ ရယ်ချင်သွားသည်။ ကမ္ဘာပျက်ခေတ်တွင် သရဲများသာရှိပါက ဇွန်ဘီအားလုံးသည် သရဲဟု ယူဆစရာပင်။ ဒီလိုဆိုလျှင်တောင် သရဲကို ကြောက်နေကြဦးမည်လား?

‘ဟုတ်တယ်။ ငါကသရဲမကြီ။ ဟာသပဲ!’
ဒီလိုတွေးရင်းဖြင့် လင်းချင်းသည် နောက်စစ်သားတစ်ယောက် အနားသို့သွားကာ သူ့ခေါင်းကို အသံမြည်အောက် နှစ်ချက်လောက် ခေါက်လိုက်သည်။

“အား!”   ထိုစစ်သားသည် အသံထွက်၍အော်သဖြင့် သူ့ကိုတခြားသူများက လှည့်ကြည့်ကြသည်။

“ဘာဖြစ်လို့ အော်နေတာလဲ?”

“ငါ့ကို. . .ငါ့ခေါင်းကို တစ်ယောက်ယောက်က ခေါက်သွားတယ်”   ဒီလိုပြောသည့်အခါ အခြားသူများသည် သူ့အနောက်ကို ဓာတ်မီးဖြင့်ထိုးကြည့်သော်လည်း ဘာမှမကို မတွေ့ပေ။

“မင်း. . .”   အခြားသူများက သူ့အနောက်သို့ သေချာကြည့်ကြသည်။ အကုန်လုံးသည် ကြောက်လန့်စွာဖြင့် အချင်းချင်းကြည့်ကြကာ မနေနိုင်သည့် တစ်ယောက်က   “ဒီမှာ သရဲတကယ်ရှိနေတာမလား?”

အခြားသူများသည် ပြောသည့်သူကို တိတ်ဆိတ်စွာ ခနကြည့်ပြီးနောက်    “မင်းငါတို့ကို အခုလိမ်နေတာမလား?”

ထိုစစ်သားသည် စိတ်ပျက်စွာဖြင့်   “ဟာ! ငါကဘာဖြစ်လို့ မင်းတို့ကို လိမ်ရမှာလဲ? မင်းတို့နှစ်ယောက်လည်း ခုနက အရိုက်ခံလိုက်ရတယ်မလား?”

အရိုက်ခံရသည့်နှစ်ယောက်သည် ချက်ချင်းခေါင်းငြိမ့်ပြကြသည်။ သူတို့သည် တကယ့်ကို အရိုက်ခံကြရတာ ဖြစ်သော်လည်း တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြတာဖြစ်သည်။ သူတို့သည် တိတ်သွားကြကာ ဓာတ်မီးများဖြင့် အနားကို ထပ်ခါတလဲလဲ ရှာကြသော်လည်း ဘာကိုမှ မတွေ့ပေ။ ထို့နောက် သူတို့သည် ကြောက်လန့်သွားကာ အချင်းချင်းပူးကပ်၍ တံခါးကိုကျောပေး၍ နေကြတော့သည်။

ထိုအချိန်တွင် သူတို့နောက်က တံခါးသည် ပွင့်သွားသဖြင့် သူတို့သည် ကြောင်အစွာဖြင့် အထဲကို ကြည့်လိုက်ကြသည်။

တံခါးနောက်တွင် ဓာတ်မီးဖြင့် လူတစ်ယောက်ရှိနေကာ သူတို့မျက်နှာအား ဓာတ်မီးဖြင့်ထိုး၍   “မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ?”

“က. . .ကပ္ပတိန်”   သူတို့သည် ပါးစပ်ဟ၍ အချင်းချင်းကြည့်ကြသော်လည်း တစ်ယောက်မှ အသံမထွက်ကြပေ။ သူတို့ဘယ်လိုပြောပြရမည်နည်း? ဒီနေရာတွင် သရဲရှိနေပုံရသည်ကို ဘယ်လိုပြောပြရမည်နည်း? ပြောလိုက်လျှင်လည်း သူတို့ကပ္ပတိန်လက်ထဲက ဓာတ်မီးသည် သူတို့ခေါင်းဖြင့် မိတ်ဆက်ခံရလိမ့်မည်။

စစ်သားစုသည် သူတို့စကားများ ထစ်နေသဖြင့် ကပ္ပတိန်သည် တံခါးကိုဖွင့်၍ အပြင်သို့ ထွက်ကြည့်သည်။ သူတို့သည် ချက်ချင်းသူတို့နေရာသို့ ပြန်သွားကြကာ ကျောကိုမတ်၍ ရှေ့သို့မျက်နှာမှုထားကြသည်။ ကပ္ပတိန်သည် ဝရံတာတွင်လျှောက်ရင်း သူတို့ကို တစ်ချက်ကြည့်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်သည့်အခါ ပုံမှန်မဟုတ်တာ တစ်ခုမှ မတွေ့ရပေ။

“သူတို့ ဘာဖြစ်နေကြတာလဲ?”   လှေကားတွင်စောင့်နေသည့် စစ်သားများက တံခါးတွင်စောင့်နေသည့်သူများအား တစ်ချက်ကြည့်၍ ပြောသည်။

“ဒီမှာဘာဖြစ်နေတာလဲ?”   ကပ္ပတိန်သည် လှေကားကစစ်သားများကို လှမ်းမေးသည်။ သူတို့သည် လက်ဆန့်ကာ ခေါင်းခါပြသည်။ ထို့နောက် သူတို့ထဲကတစ်ယောက်သည် တံခါးဝကလူများကို မေးဖို့လက်လှမ်းပြသည်။

ကပ္ပတိန်သည် တံခါးဝက စစ်သားများကို နားမလည်စွာကြည့်ရင်း   “မင်းတို့ကောင်တွေ တကယ်ပဲ အခုဘာလုပ်နေကြတာလဲ?”

သူတို့သည် ခေါင်းခါကာ တစ်သံတည်းဖြင့်   “မလုပ်ပါဘူး!!!”

ကပ္ပတိန်သည် အခန်းထဲသို့ဝင်ကာ တံခါးမပိတ်ခင် သူတို့ကို တစ်ချက်ကြည့်သွားသေးသည်။ သူတံခါးဖွင့်၍ ထွက်လာတည်းက ကိုယ်ပျောက်နေသည့်သူသည် သူတို့ကိုရှောင်၍ အခန်းထဲကို ဝင်သွားသည်ကိုတော့ ဘယ်သူကမှ မသိလိုက်ကြပေ။

ကပ္ပတိန်သည် တံခါးပိတ်သွားသည်နှင့် တံခါးဝက စစ်သားများသည် အချင်းချင်းကြည့်၍ ပတ်ဝန်းကျင်ကို လိုက်ရှာကြသည်။

လှေကားမှ စစ်သားများသည် သူတို့၏ ထူးဆန်းသည့် အပြုအမှုကြောင့်   “သူတို့တွေ ဘာလုပ်နေပြန်တာလဲ?”

တစ်ယောက်က   “ခုနတည်းက သူတို့ထူးဆန်းနေတာ။ တစ်ခုခုကို လိုက်ရှာနေတာ ထင်တယ်”

“ငါလည်းမသိဘူး။ ဒါပင်မယ့် ခုနကတော့ သူတို့ထဲက တစ်ယောက်က အရိုက်ခံ၍ အော်သံမျိုး ထွက်လာတယ်”

“ငါလည်းကြားလိုက်တယ်”

“ငကြောင်တွေပါကွာ”

“ဟုတ်တယ်”
Previous Chapter 251 of 410 Next