၂၄၅။ ဇွန်ဘီကောင်းလေးဖြစ်ရတာက တကယ့်ကိုခက်ခဲတာပဲ
နယ်မြေထဲသို့ရောက်သည့်အခါ လင်းချင်းနှင့် လင်းဖန်တို့သည် ရေကန်ဘေးတွင် ပေါ်လာသည်။ ပထမရောက်ဖူးတုန်းက လင်းဖန်သည် သတိမေ့နေတာ ဖြစ်သောကြောင့် လင်းချင်း၏ နယ်မြေကို အခုမှမြင်ဖူးတာ ဖြစ်သည်။ နယ်မြေကိုစူးစမ်းသလို လင်းချင်းကိုလည်း အာရုံထားကြည့်နေရသေးသည်။
နယ်မြေသည် သူထင်သည်ထက် ပိုကြီးသည်။ ရေကန်ကြီးတစ်ခု ရှိနေကာ မြက်ခင်းပြင်နှင့် ထူးဆန်းသည့် တောအုပ်က ရှိနေသည်။ ဒီဘက်က မြက်ခင်းပြင်တွင် ပရိဘောဂအစုံနှင့် မီးဖိုချောင်ပစ္စည်းများ ရှိနေသည်။ တစ်ဖက်က မြက်ခင်းပြင်တွင်တော့ သန္ဓေပြောင်းစိုက်ခင်းတစ်ခုရှိနေသည်။ လင်းချင်းက ဒါတွေကို နယ်မြေထဲတွင် စိုက်ထားသောကြောင့် အကုန်လုံးက စားရမည်များဖြစ်မည်ဟု သိလိုက်သည်။ သူတို့နှစ်ယောက်ဘေးတွင် မီးဖိုတစ်ခု၊ ခုံတစ်လုံးနှင့် ရေပုံးကြီးများ၊ အိုးအချို့နှင့် ပန်းကန်လုံးတို့ ရှိသည်။ ဒီနယ်မြေ၏နေရာအများစုသည် နေထိုင်ရန်သင့်တော်သလို ကန်သည် လူတို့ကို ရေထောက်ပံ့ပေးကာ စိုက်ခင်းက အစာများ ထောက်ပံ့ပေးနိုင်သည်။
“နွယ်လေး” လင်းချင်းသည် ကန်ဘေးတွင်ရပ်ကာ ကန်ကိုကြည့်၍အော်သည်။
လင်းဖန်သည် သူမက ဘာပြောမှန်းမသိလိုက်သဖြင့် အံ့သြစွာကြည့်သည်။ ‘တစ်ခုခုကို ခေါ်နေတာလား? ဘာလဲ?’
ထို့နောက် ကန်ထဲမှ လက်မောင်းလုံးပတ်လောက်ရှိသည့် နွယ်များစွာက ထွက်လာသည်။ နွယ်များသည် ကန်ရေမျက်နှာပြင်ပေါ်တွင် ယိမ်းနွှဲ့လျှက် သူတို့ဆီသို့ ရောက်လာသည်။ လင်းဖန်သည် ခံစားချက်မကောင်းသဖြင့် ချက်ချင်းနောက်ကို တစ်လှမ်းဆုတ်လိုက်မိသည်။
လင်းချင်းသည် သူ့ကိုကြည့်ကာ “ဘာကိုကြောက်နေတာလဲ? ဒါကနွယ်လေးတဲ့။ ကျွန်မရဲ့နယ်မြေထဲက သက်ရှိနွယ်ပင်။ ဘာမှန်းတော့ သေချာမသိပင်မယ့် အသိစိတ်ရှိတယ်။ ကန်ရေရဲ့ ကုသနိုင်စွမ်းက သူ့အကူအညီကြောင့်”
ဒါကိုကြားမှ လင်းဖန်သည် အနည်းငယ်စိတ်အေးသွားသည်။ အနည်းဆုံးတော့ လင်းချင်းအတွက်က ထူးဆန်းသည့်အရာ မဖြစ်နေသလို ကုသပေးနိုင်သည့်အရာ ဖြစ်သည်။ လင်းချင်းသည် သူမဆီကိုလာသည့် နွယ်လေးကိုကြည့်ကာ လင်းဖန်အား “နွယ်လေးက လူတွေကို ထိခိုက်အောင်မလုပ်ပါဘူး။ သူ့ကိုသွားမထိခိုက်သ၍ပေါ့” နွယ်လေးက လူများကို ထိခိုက်အောင် မလုပ်ပင်မယ့် စားတော့ပစ်သည်။ ဒါကိုလင်းချင်းက ပြောလိုက်ရင် လင်းဖန်က အကြောက်လွန်နေမည် ဖြစ်သောကြောင့် မပြောလိုက်ခြင်းပင်။
လင်းဖန်သည် စိတ်အေးသွားကာ လင်းရှောင်လုကို အနားက ခုံပေါ်တင်လိုက်သည်။ ထို့နောက် နဖူးကိုထိကြည့်သည့်အခါ ပိုပူလာကြောင်း သိလိုက်ရသည်။ သူ့သမီးကို ကူညီဖို့ကလွဲလျှင် သူဘာကိုမှ ဂရုမစိုက်နိုင်ပေ။ ထို့ကြောင့် လင်းချင်းကို “ကူညီဖို့နည်းသိတယ်လို့ ပြောတယ်မလား။ နင့်အကြံကဘာလဲ?”
လင်းချင်းသည် လက်ကိုဖြန့်ပြကာ “ကျွန်မရဲ့ အကြံမဟုတ်ဘူး။ နွယ်လေးကို မေးဖို့လိုတယ်”
ထိုအချိန်တွင် နွယ်များသည် လင်းဖန်ကိုရှောင်ကာ လင်းချင်းဆီသို့ လာသည်။ ထို့နောက် သူမ၏ခြေထောက်ကနေ ခွေလာက လက်ကောက်ဝတ်ကို ရစ်ပတ်တက်လာသည်။
‘မေမေ မေမေ ဒါဟိုတစ်ခါက ခေါ်လာတဲ့သူပဲ။ ဒီညီမလေးကရော ဘယ်သူလဲ?’
နွယ်လေး၏အသံက လင်းချင်း၏ခေါင်းထဲသို့ ရောက်လာသည်။
‘ဒါငါ့အကိုကြီး။ ပြီးတော့ ဒီညီမလေးက ငါ့တူမလေး။ သူ့ကိုဒီအကြောင်းမပြောလိုက်နဲ့။ ဒါငါတို့လျို့ဝှက်ချက်ပဲ’
‘အာ ဟုတ်ကဲ့။ ဒါနဲ့ ဒီညီမလေးက အိပ်နေတာလား?’ နွယ်လေးသည် သိပ်နားမလည်စွာဖြင့် မေးသည်။
လင်းချင်းက ‘ငါ့တူမလေးကိုယ်ထဲက စွမ်းအားတွေက ပုံမှန်မဟုတ်ဘူး။ နင်သူ့စွမ်းအားတွေကို ကူပြီးထိန်းပေးနိုင်မလားကို သွားစစ်ပေး။ သူ့အစွမ်းတွေနိုးနေတာ’
လင်းချင်းသည် သူ့သမီးကိုကြည့်ကာ လက်တွင်နွယ်ကပတ်လျှက် ငြိမ်နေသည့်အခါ လင်းဖန်သည် နားမလည်နိုင်ဖြစ်သွားသည်။ ထိုအချိန်တွင် လင်းချင်းက သူ့ကိုပြောသည်။ “နွယ်လေးကို ရှောင်လုရဲ့ ကိုယ်အခြေအနေ စစ်ခိုင်းလိုက်မယ်။ စွမ်းအားတွေက ကမောက်ကမဖြစ်နေသလိုပဲ”
စွမ်းအားများသည် သူမ၏ကိုယ်ထဲတွင် စလှုပ်ရှားနေပြီ ဖြစ်သောကြောင့် အပူချိန်သည် ပိုမြင့်လာခြင်း ဖြစ်သည်။ လင်းဖန်သည် လင်းချင်းကို တွေဝေစွာကြည့်ကာ မေးသည်။ “သေချာလား?”
လင်းချင်းက ခေါင်းငြိမ့်ကာ “သေချာတယ် အခုကျွန်မကို ယုံဖို့အပြင် တခြားရွေးစရာလည်း မရှိဘူးမလား?”
လင်းဖန်တွင် သူမကိုယုံကြည်ရုံမှတပါး တခြားရွေးစရာ မရှိသည်ကို နားလည်သည်။ လင်းဖန်သည် နောက်ဘာဖြစ်မလဲ မပြောနိုင်သော်လည်း ဒီနွယ်ပင်က လင်းရှောင်လုကို ကယ်ပေးနိုင်မည်ဟု မယုံကြည်နိုင်နေတာ ဖြစ်သည်။
လင်းချင်းသည် နွယ်လေးကိုကြည့်ကာ ရှောင်လုကို လက်ညိုးထိုးပြ၍ “နွယ်လေး သွားပြီးတော့ နိုးကြည့်”
လင်းဖန်သည် လင်းချင်းက အပင်ကို ဘာဖြစ်လို့ စကားပြောနေသလဲ မသိသော်လည်း ဘာမှတော့ ပြန်မပြောပေ။
‘ဟုတ်ကဲ့’ နွယ်လေးသည် လင်းချင်း၏လက်ကို ရစ်ပတ်ထားသည်ကို ဖြေမချသော်လည်း လင်းရှောင်လုဆီသို့ သူ့နွယ်တစ်ခုကို ပို့လိုက်သည်။
နွယ်က သူတို့ဆီသို့လာသည့်အခါ လင်းဖန်သည် မစိုးရိမ်ဘဲ မနေနိုင်ပေ။ သို့သော်လည်း လင်းချင်းကို ယုံကြည်ရမည်မှန်း နားလည်သောကြောင့် ဘာမှတော့ မလုပ်ပေ။ နွယ်ကိုကြည့်လိုက်သည့်အခါ သူ့သမီးလေး၏ ခြေထောက်ကို မြွေတစ်ကောင်လိုမျိုး ရစ်ပတ်လာကာ နွယ်ထိပ်တွင် အရွက်သေးလေးနှစ်ခုရှိနေကြောင်းကို မြင်လိုက်ရသည်။ ထိုအရွက်နှစ်ခုက လှုပ်လာသည်။
ခနနေတော့ နွယ်လေးက လင်းချင်းကို ပြောသည်။ ‘မေမေ သူ့စွမ်းအားကို သေချာစစ်ထုတ်ပေးလို့ရတယ်။ ဒါပင်မယ့် ကန်အောက်ထဲကို ခေါ်သွားဖို့တော့လိုတယ်’
လင်းချင်းသည် ခေါင်းငြိမ့်ကာ လင်းဖန်ကိုကြည့်ပြီး “နွယ်လေးက ပြောတယ်။ ရှောင်လုရဲ့ကိုယ်ထဲက စွမ်းအားတွေကို စစ်ထုတ်ပေးဖို့ လိုတယ်တဲ့။ ဒီလိုလုပ်ဖို့ဆိုရင် ရေကန်အောက်ကို ထည့်ဖို့လိုတယ်”
လင်းဖန်သည် နားမလည်နိုင်သဖြင့် မေးသည်။ “ကန်အောက်ကိုထည့်မှာက ဘာသဘောလဲ? ရှောင်လုကို ရေကန်ထဲကို ထည့်မလို့လား?”
လင်းချင်းက “ရှောင်လုကို ရေကန်အောက်ခြေကို ခေါ်သွားဖို့လိုတာ။ ဒါပင်မယ့် အဆင်ပြေမှာမလို့ စိတ်မပူပါနဲ့။ ရေမွန်းမသွားအောင် နွယ်လေးက သူ့အသက်ရှုစနစ်ကို ထိန်းပေးထားလိမ့်မယ်”
လင်းဖန်သည် လင်းချင်း၏အပြောကြောင့် မျက်လုံးများပြူးအောင်ကို လန့်နေပြီ။ ‘ငါ့သမီးကို ရေကန်အောက်ကို ဘယ်လိုလုပ်ထည့်ရမှာလဲ? ဒီကန်က ဘယ်လောက်နက်လဲ မသိဘူး။ ပြီးတော့ ဘယ်လိုကန်မှန်းလဲမသိဘူး။ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ?’
သူသည် မျက်နှာကြီးမည်းသည်းသွားကာ ဘာမှမပြောတော့ပေ။ လင်းဖန်သည် လင်းချင်းကို အမှန်တိုင်းပြောရရင် မယုံချင်တော့ပေ။ သို့သော်လည်း သူ့သမီးကို ကူညီဖို့ သူလုပ်နိုင်မည်ကိုလည်း တွေးမရပေ။ ထို့ကြောင့် လင်းချင်းကို ယုံဖို့နှင့် မယုံဖို့ နှစ်ခုထဲက တစ်ခုသာ သူရွေးချယ်နိုင်သည်။ ‘ရေကန်ထဲကို ရောက်သွားပြီးမှ ငါ့သမီး တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ?’
သို့သော်လည်း မကြာခင်တွင် လင်းချင်းကို ယုံဖို့ပဲ ရွေးလိုက်ရသည်။ ဒီလိုအခြေအနေတွင် သူမယုံကြည်ပါက သူ့သမီးအတွက် မျှော်လင့်ချက်မဲ့သွားနိုင်သည်။ အပူကြီးလာကာ သူ့သမီးနာကျင်နေမှာမျိုးကို သူမလိုချင်ပေ။ ထို့ကြောင့် ခေါင်းငြိမ့်လိုက်ကာ “ရတယ် ဒါပင်မယ့်” လင်းချင်း၏ မျက်လုံးများကို သေချာစိုက်ကြည့်လိုက်သည်။ သူ့သမီးသာ တစ်ခုခုဖြစ်ပါက သူ့အသက်နဲ့ရင်း၍ လင်းချင်းကို တိုက်ခိုက်မှာ ဖြစ်သည်။
လင်းချင်းသည် ဂရုမထားစွာ ခေါင်းငြိမ့်ပြကာ ပုခုံးတွန့်ပြသည်။ စိတ်ထဲတွင်တော့ ‘ငါ့မှဦတော့ လူတွေကို ကယ်ပေးရတိုင်း အမြဲတမ်း သံသယဝင်ခံနေရတယ်။ ဪ. . .အေး ဇွန်ဘီကောင်းလေးဖြစ်ရတာက တကယ့်ကိုခက်ခဲတာပဲ!’
ထို့နောက် နွယ်လေးအား “ဟုတ်ပြီ။ နွယ်လေး စတော့”
အမိန့်ရသည်နှင့် နွယ်လေးသည် တခြားနွယ်များကိုပါ လင်းရှောင်လုဆီသို့ ပို့လိုက်ကာ သူမကိုရစ်ပတ်၍ ထိုင်ခုံပေါ်ကနေ ကန်ထဲသို့ ခေါ်သွားတော့သည်။
လင်းဖန်သည် လင်းရှောင်လုကိုကြည့်ကာ တည်ငြိမ်သလို ထိန်းနေရသည်။ တကယ်တော့ သွေးခုန်နှုန်းများသည် လည်ချောင်းထဲအထိ တက်လာသလိုကို စိတ်ပူနေကာ ဘာမှမလုပ်နိုင်၍ ဖြစ်သည်။