May Honey Logo May Honey
Previous Next

၄၁၀။ အလုပ်သမား ဒုတိယအသုတ်

ပင်လယ်မြို့တော်စခန်းမှလာသည့် ဒုတိယအလုပ်သမားတို့က စခန်းသစ်နားတွင် ဇွန်ဘီအုပ်ကြီးကို တွေ့ရသည့်အခါ အကုန်ကြောက်လန့်ကုန်ကြသည်။ လမ်းပေါ်တွင် ဇွန်ဘီတို့ဖြင့် ပြည့်နေကာ တစ်နေရာလုံး ပြည့်ကျပ်နေသည်ကို တွေ့ရသည်။

“ဘာဖြစ်လို့. . .ဘာဖြစ်လို့ ဇွန်ဘီတွေက အရမ်းများနေတာလဲ?”

“အမယ်လေး! ငါတို့ကို တွေ့သွားရင် ဘယ်လိုလုပ်မလဲ? ဘာလုပ်ကြမလဲ? ငါတို့ကို လာတိုက်ပြီး စားတော့မှာပဲ!”

ဇွန်ဘီအုပ်ကြီး၏ မီတာ၃၀တွင် ကားရပ်ထားသည့် အထဲမှ အလုပ်သမားတို့သည် ကြောက်လန့်နေကြသည်။ အလုပ်သမားများကြားတွင် ပုန်းနေသည့် ဟွမ်ထန်ဖေးသည် ဇွန်ဘီအုပ်ကြီးကိုကြည့်ကာ လန့်နေသည်။ 	

ဇွန်ဘီတို့သည် ကားသံများကြားသည့်အခါ ခေါင်းလှည့်လာကြသည်။ လူသားအနံ့ပြင်းပြင်းကို ရသည့်အခါ ဇွန်ဘီတိုင်းသည် စိတ်လှုပ်ရှားကုန်ကြသည်။

“ဂါး!”

“ဂါး!”

ဇွန်ဘီတို့သည် ကားရှိရာသို့ လက်များကိုဆန့်၍ သွားများကို ဖြဲကာ အော်ကြသည်။ သို့သော်လည်း ထူးဆန်းသည်မှာ သူတို့သည် လူသားများထံသို့ တစ်လှမ်းလေးတောင် လျှောက်မလာကြပေ။

“ပြန်မောင်း! ငါတို့မသွားတော့ဘူး! ငါတို့ကို ဇွန်ဘီစာ ကျွေးမလို့လား?”

ဟွမ်ထန်ဖေးက အော်သည်။ သူသည် အဆက်အသွယ်တချို့ကိုသုံးကာ သူ့၏ အဆင့်၅စွမ်းအားရှင်ဆိုသည့် သရုပ်မှန်ကိုဖုံး၍ အလုပ်သမားအဖွဲ့ထဲသို့ ဝင်လာတာ ဖြစ်သည်။

ဟေးဒီးစခန်းကလူများက ဒီနေရာတွင် စခန်းသစ်ကို ဆောက်သည်ဆိုတာ သေချာသည့်အခါ ဝူချန်းယွဲ့သည် စခန်းကနေ ဇွန်ဘီသတ်ရန် ထွက်ဖို့ မရဲကြသည့် သာမန်လူများအတွက် အခွင့်ရေးကောင်းဖြစ်သည်ဟု ခံစားမိသည်။ ထို့ကြောင့် အလုပ်လျှောက်ဖို့အတွက် စွမ်းအားအဆင့်ကို ကန့်သတ်ချက်ထားကာ စခန်းပြင်ထွက်၍ ဇွန်ဘီသတ်နိုင်သည့် အဆင့်မြင့်သူများကို ခွင့်မပြုဘဲ သာမန်လူများကိုသာ အခွင့်အရေးပေးတာ ဖြစ်သည်။

စခန်းသစ်သည် ကမ်းလှမ်းမှု ကောင်းသည်။ ဒီမှာအလုပ်လုပ်မည့်သူများကို အစားအသောက်နှင့် ပေးချေမှုကောင်းကောင်း ထောက်ပံ့သော်လည်း ဆောက်လုပ်ရေးသာ လုပ်ရမှာ ဖြစ်သည်။ ဘယ်သူမဆို ဒီလိုအလုပ်မျိုးကို လိုချင်ကြသည်။ သို့သော်လည်း ဝူချန်းယွဲ့၏ သတ်မှတ်ချက်သည် အဆင့်မြင့်များကို စိတ်ပျက်စေသည်။ 

ဒီစည်းမျဉ်းကို လိုက်နာသည့်သူများရှိသော်လည်း မလိုက်နာသည့်သူများက သံသယဝင်စရာ မလိုအောင်ကို ရှိသည်။ ဉပမာ ကိုယ်မစိုက်ဘဲ ရိတ်သိမ်းချင်ကြသည့်လူမျိုးတွေပင်။ ဟွမ်ထန်ဖေးသည် ဒီလိုလူများထဲက တစ်ယောက် ဖြစ်သည်။ သူသည် သူ့စွမ်းအားအစစ်အမှန်ကိုဖုံးဖို့ အဆက်အသွယ်တချို့ သုံးခဲ့သဖြင့် သူသည် အဆင့်၂စွမ်းအားရှင်အဖြစ် ဒီလိုလိုက်လာတာ ဖြစ်သည်။

အခုတော့  သူ့မျက်စိရှေ့တွင် ရာချီနေသည့် ဇွန်ဘီတို့ကို တွေ့သည့်အခါ ကြောက်၍ပြေးချင်နေသည်။ သူသည် နောင်တရနေကာ ဒီကိုမလာသင့်ဘူးဟု ခံစားရသည်။ အခုတော့ အလိမ်ခံရသလို ယုံကြည်မိသည်။

ဟွမ်ထန်ဖေးက အလုပ်သမားများကို ကာကွယ်ပေးနေသည့် တပ်သားများကို လက်ညိုးငေါက်ငေါက်ထိုး၍ ပြောသည်။

“ငါတို့ကို လိမ်တယ်! ဒီနေရာက စမ်းသပ်တဲ့ဌာန ဖြစ်လိမ့်မယ် ဘာမှစခန်းအသစ် မဟုတ်ဘူး ယန်းချောင်းလုပ်ခဲ့သလို ငါတို့ကို စမ်းသပ်ဖို့ ခေါ်လာတာ!”

သူတို့အား အနောက်ကနေ ကာကွယ်ပေးနေသည့် တပ်သားများသည် ဟွမ်ထန်ဖေး၏ အပြစ်တင်နေခြင်းကို မကြားသည့်အလား ဘာမှကို မတုန့်ပြန်ပေ။

တူယွမ်ရှင်းသည် ကားမောင်းသူခုံကနေ ဆင်းလာကာ ကားထဲကလူများကို ပြောသည်။

“လူတိုင်း စိတ်အေးအေးထားကြ။ ငါတို့စခန်းသစ်ကို သွားနေတာပါ။ ဒီဇွန်ဘီတွေကိုကြည့် လူတွေကို ထိခိုက်အောင် မလုပ်ဘူး။ သေချာကြည့်ပါလား။ သူတို့မှ မလှုပ်ကြတာ”

ဒီလိုပြောကာ ဇွန်ဘီအုပ်ကို လက်ညိုးထိုးပြသည်။

“ဘယ်လိုလုပ်ပြီး လူတွေကို ထိခိုက်အောင် မလုပ်မှာလဲ? ဇွန်ဘီတိုင်းက လူသားစားတယ် ငါတို့ကို တစ်ခါမှ ဇွန်ဘီမမြင်ဖူးတဲ့ကောင်တွေ ထင်နေတာလား? ငါတို့ကို တုံးတယ်လို့ ထင်နေလား?”

ဟွမ်ထန်ဖေးသည် ရှင်းပြချက်ကို လက်မခံဘဲ တူယွမ်ရှင်းကို ပြန်အော်သည်။

“ဟုတ်တယ်။ ဘယ်လိုလုပ်ပြီး ဇွန်ဘီတွေက လူသားမစားဘဲ နေမှာပဲ။ သူတို့ကိုကြည့်ဦး သွားတွေဖြဲပီး လက်သည်းတွေထုတ်ထားတာ ငါတို့ဆီလာတော့မယ် အမြန်မောင်းထွက်ရအောင် ဘာဖြစ်လို့ စကားပြောနေသေးကြတာလဲ?”

ဟွမ်ထန်ဖေးနှင့် သဘောတူသည့်လူ တစ်ယောက်က ဝင်ပြောသည်။ လူအများစုသည် တိုက်ရည်ခိုက်ရည်မရှိသည့် သာမန်လူများဖြစ်ရာ သူတို့သည် ဇွန်ဘီများကို တွေ့သည်နှင့် ကြောက်ကုန်ကြသည်။ ဟွမ်ထန်ဖေး၏ စကားက အဓိပ္ပါယ်ပိုရှိလေရာ သူတို့သည် သူ့ဘက်တွင်သာ နေချင်ကြသည်။

တူယွမ်ရှင်းသည် ဒီလူများကိုကြည့်ကာ လက်ပိုက်၍ ပြုံးကာပြောသည်။

“ရတယ်။ ငါမင်းတို့ကို ပြန်ခွင့်ပြုမယ်။ ဒါပင်မယ့် ငါပြန်လွှတ်လိုက်ရင် လာမယ့်ဆောင်းတွင်းမှာ မင်းတို့အသက်ရှင်နိုင်မယ်ဆိုတာ သေချာလား? ငါ့နောက်ကို လိုက်ချင်တဲ့ဆန္ဒရှိရင် ကားပေါ်က ဆင်းခဲ့။ ငါမင်းတို့ကို ခေါ်သွားမယ်။ ဒီဇွန်ဘီတွေက မင်းတို့အနားကို မကပ်စေရဘူးလို့ အာမခံတယ်။ ဒါပင်မယ့် ကားထဲမှာ နေခဲ့ဖို့ ဆုံးဖြတ်လိုက်ရင်တော့ နောက်ဒီကိုလာခွင့်မပြုနိုင်တော့ဘူး”

ကမ္ဘာပျက်ပြီးနောက် လူများစွာသည် ဆောင်းတွင်းတိုင်းမှာ ငတ်မွတ်၍ သေဆုံးကြသည်။ အသက်ကြီးသည့်သူ၊ ကျန်းမာရေးမကောင်းသည့်သူ၊ မသန်စွမ်းသည့်သူတို့သည် ဆောင်းတွင်းတွင် ဆာလောင်ငတ်မွတ်ကာ အအေးဓာတ်ကြောင့် အသက်ဆက်ရှင်နိုင်ဖို့ ခဲယင်းသည်။ ထို့ကြောင့် နွေဦးပေါက်၍ ရာသီဉတုက နွေးထွေးလာတိုင်း စခန်းတိုင်းသည် အလောင်းများစွာကို တစ်သုတ်ကြီး အပြင်သို့ စွန့်ပစ်ရတက်သည်။ ဆောင်းရာသီသည် စခန်းက အသက်ရှင်နိုင်နှုန်းနည်းသည့်သူများကို ရှင်းလင်းပေးသည့်အရာ တစ်ခုလို ဖြစ်နေသည်။

တူယွမ်ရှင်းက ဆောင်းတွင်းအကြောင်း ပြောသည့်အခါ ကားထဲကလူများသည် ငြိမ်သွားသည်။ သူတို့က သာမန်လူများ ဖြစ်သောကြောင့် ဆောင်းတွင်းက ဘယ်လောက်ကြောက်ဖို့ ကောင်းသလဲဆိုသည်ကို နက်နက်နဲနဲကို နားလည်ကြသည်။

တူယွမ်ရှင်းက ဆက်ပြောသည်။

“မင်းတို့ ခေါင်းဆောင်ကို မင်းတို့မယုံဘူးလား? သူက မင်းတို့ကို ထိခိုက်အောင် လုပ်ဖူးလို့လား? မင်းတို့ကို သူရှင်းပစ်ချင်တယ်ဆိုရင် သူ့အတွက် ကိစ္စတွေကို ဒီလောက်ရှုပ်အောင် လုပ်နေစရာကို မလိုတာ။ ပြီးတော့လည်း ယန်းချောင်းလို လမ်းလွဲနေတဲ့ကောင်က ဒီလိုစမ်းသပ်တဲ့ အတွေးအခေါ်ရှိတာ။ ခေါင်းဆောင်ဝူနဲ့ ခေါင်းဆောင်ကျိုးက ဒီလိုလူသားမျိုးတွေလို့ မင်းတို့ထင်ကြလို့လား?”

‘မထင်ဘူး!’

လူတိုင်းသည် စိတ်ထဲတွင် ဖြေနေကြသည်။ သူတို့က အသံထွက်မဖြေသော်လည်း သူတို့မျက်နှာထက်တွင် ဒီလိုအဖြေက ပေါ်နေသည်။

“အင်း. . .လူ့မျက်နှာကို မြင်ရပင်မယ့် စိတ်ကိုမမြင်ရဘူး သူဘာလုပ်လဲဆိုတာကို မသိရခင်အထိ ယန်းချောင်းကလည်း ကောင်းပုံရခဲ့တာပဲမလား?”

တခြားသူများက စိတ်ယိုင်နေသည့်အခါ ဟွမ်ထန်ဖေးသည် ထပ်ပြောပြန်သည်။ တကယ်တော့ သူသည်ခုနကလောက် ယုံကြည်မှုသိပ်မရှိတော့ပေ။

ယွမ်ထန်ရှင်းသည် သူ့ကိုတစ်ချက်ကြည့်သည့်အခါ သူကသူများနောက်တွင် ပုန်း၍ လေသံကျယ်နေသည်ကို တွေ့ရသည်။  ထို့နောက် နှစ်လှမ်းရှေ့သို့တိုးလိုက်ကာ လှည့်လိုက်၍ ကားထဲကလူများကို ပြောသည်။

“ငါဒါကို တစ်ခါပဲ ပြောတော့မယ်။ အစားအသောက်နဲ့ ဆန်တွေဂျုံတွေ လိုချင်တဲ့သူတွေအကုန် ငါ့နောက်ကလိုက်ခဲ့။ မလိုက်ချင်တဲ့သူတွေကို ငါတွန်းအားမပေးဘူး။ ဒီတပ်သားတွေက မင်းတို့ကို ပြန်ပို့ပေးလိမ့်မယ်”

လူတို့သည် အချင်းချင်းကြည့်ကုန်သည်။ မကြာခင် အချို့သည် ကားပေါ်ကနေ ဆင်းကြသည်။ စကားဝင်မပြောကြသည့်သူများသည် ဒီဇွန်ဘီများက မလှုပ်တာကို သတိထားမိသည်။ သူတို့သည် လက်သည်းထုတ်၍ သွားဖြဲနေသော်လည်း ထိုနေရာကနေ တစ်လှမ်းတောင်မှ မခွာနိုင်ကြပေ။ တူယွမ်ရှင်းပြောသလို ဇွန်ဘီတို့က သူတို့နေရာတွင်သာ သူတို့နေကြသည်။

ကားပေါ်က လူအချို့ဆင်းသွားသည့်အခါ ကျန်သည့်သူများသည် စိတ်မောလာကြသည်။ သူတို့သည် အသက်ကို မစွန့်စားရဲချင်သော်လည်း အေးလွန်းသည့် ဆောင်းတွင်းကိုတော့ ကြောက်ရသည်။

“ငါတို့. . .ငါတို့ခေါင်းဆောင်ဝူကို ယုံမယ်ကွာ!”

နောက်ဆုံးတော့ ဒီလူများသည် အံကိုကြိတ်ကာ ကားပေါ်ကနေ ခုန်ဆင်းလာသည်။

သိပ်မကြာခင်တွင် တူယွမ်ရှင်းဘက်တွင် အကုန်ရပ်ကြ၍ ဇွန်ဘီအုပ်ကို ကြည့်နေကြကာ စကားမပြောရဲကြတော့ပေ။ ဒီလိုဖြင့် ကားထဲတွင် အလုပ်သမား ၈ယောက်ဝန်းကျင်သာ ကျန်ခဲ့တော့သည်။ ဟွမ်ထန်ဖေးက ဒီလူများထဲက တစ်ယောက်ပင်။

သူသည်ဘေးကိုကြည့်ကာ ဇွန်ဘီအုပ်ကို ခနစူးစမ်းပြီးနောက် ဇွန်ဘီတို့သည် ကားဆီသို့ တကယ်မလာသည်ကို မြင်မှသာ ကားထဲကနေထွက်လာတော့သည်။
Previous Chapter 410 of 410 Next