၂၂၅။ လိမ်နေတာလား?
သူတို့နှစ်ယောက်ကို မြင်သည့်အခါ ဝူချန်းယွဲ့သည် လုထန်ရိတို့နှင့် စကားမပြောတော့ဘဲ ရှောင်ယွင့်လုံရှိသည့် အမိုးပေါ်သို့ ခုန်ကူးသွားသည်။
“ယွင့်လုံ! မုန့်ယွဲ့! မင်းတို့ဘာဖြစ်တာလဲ?” ဝူချန်းယွဲ့သည် ပြုံးနေခြင်းမရှိတော့ဘဲ သူတို့အား တည်ကြည်စွာမေးသည်။
ရှောင်ယွင့်လုံသည် ခေါင်းမော့လာသော်လည်း ဝူချန်းယွဲ့ကို မကြည့်ရဲပေ။ ဝူချန်းယွဲ့က စိတ်ပူစွာဖြင့် ထပ်မေးသည်။ “ဘာဖြစ်လို့ မင်းတို့က ဒီကိုရောက်လာတာလဲ? လင်းလင်းရော? ဘယ်လိုလုပ်ထားခဲ့တာလဲ? တပ်ဖွဲ့တွေကို အဆင့်မြင့်ဇွန်ဘီလာတိုက်ရင် ဘယ်လိုလုပ်မလဲ?”
လုထန်ရိတို့သည် ဘာဖြစ်နေမှန်းမသိဖြင့် အချင်းချင်းကြည့်မိကြသည်။ ထို့နောက် သူတို့သည် ထိုအဆောက်အဦးသို့ ခုန်တက်လိုက်လာကြသည်။ သို့သော်လည်း ဝူချန်းယွဲ့နှင့် ခပ်ဝေးဝေးတွင်တော့ နေသေးသည်။
ဒုခေါင်းဆောင်ရှောင်၏ပုံကို ကြည့်ရသည်မှာ တစ်ခုခုဖြစ်ခဲ့သည်က သေချာသည်။ ထိုအမျိုးသမီးက မင်းသမီးလေးကို ကယ်လာခဲ့သည်မှာ မထူးဆန်းပေ။ သူမသာ ကလေးကို မကယ်ခဲ့ပါက အကျိုးဆက်သည် မတွေးဝံ့စရာပေ။
လုထန်ရိတို့သည် ဖြစ်စဉ်တစ်ခုလုံးနီးပါးကို သိသွားကြသော်လည်း ဝူချန်းယွဲ့ကတော့ မသိသေးပေ။ သို့သော်လည်း သူအနည်းငယ်တော့ လန့်နေပြီ။ ရှောင်ယွင့်လုံနှင့် မုန့်ယွဲ့တို့ကို ကြည့်ရသည်မှာ တစ်ခုခုဖြစ်ခဲ့ရပုံရသည်။ ပိုအရေးကြီးသည်မှာ သူ့သမီးလေးသည် သူတို့နှင့် အတူရှိမနေပေ။
“ရှောင်ယွင့်လုံ! ပြောစမ်း လင်းလင်းဘယ်မှာလဲ? မုန့်ယွဲ့က ဘာဖြစ်တာလဲ?” ဝူချန်းယွဲ့သည် မုန့်ယွဲ့ကို တစ်ချက်ကြည့်ကာ ရှောင်ယွင့်လုံကို ဒဲ့မေးလိုက်သည်။
“ငါတောင်းပန်ပါတယ်” ရှောင်ယွင့်လုံသည် သူ့ကိုတစ်ချက်ကြည့်ကာ ခါးသီးနေသည့်မျက်နှာဖြင့် ခြောက်ကပ်စွာ တောင်းပန်သည်။
ရင်ထဲကနေ ဆို့တက်လာသည့် မကောင်းသည့် ခံစားချက်ကြောင့် သူငယ်အိမ်များသည် ကျုံ့သွားသည်။ ထို့နောက် မယုံနိုင်စွာဖြင့် “မဟုတ်ဘူး။ ငါမင်းတောင်းပန်တာကို မလိုချင်ဘူး! ဘာဖြစ်လို့ တောင်းပန်နေတာလဲ? လင်းလင်းရော? လင်းလင်းက ဘယ်မှာလဲ?”
သူသည် ကျယ်လောင်စွာ အော်ပြောနေသော်လည်း ရှောင်ယွင့်လုံသည် စကားသုံးလုံးကိုကိုသာ ပြောနေသည်။ “တောင်းပန်တယ်။ တောင်းပန်တယ်”
ရှောင်ယွင့်လုံ၏ အပြုအမှုကြောင့် ဝူချန်းယွဲ့သည် သူထင်တာမှန်ကြောင်း သိလိုက်သည်။ လင်းလင်းသာ လုံခြုံနေရင် ရှောင်ယွင့်လုံက သူ့ကိုတောင်းပန်စရာ မလိုပေ။ ထို့အတူ သူ့အားမျက်လုံးချင်းတောင် ဆုံမကြည့်နိုင်ဖြစ်နေသည်။ ထိုအခါ သူ့မျက်နှာသည် ရှုံ့မဲ့လာသည်။ သူ့ကြည့်ကောင်းသည့် မျက်လုံးသွယ်သွယ်လေးများသည်လည်း အခုတော့ ပြူးကျယ်နေကာ နားထင်တွင်သွေးကြောများက ထင်းလာသည်။
ဝူချန်းယွဲ့၏ စွမ်းအားများသည် တစ်ကိုယ်လုံးကနေ ထွက်လာတော့မလို ဖြစ်လာသည့်အခါ လုထန်ရိတို့သည် သူ့ကိုယ်သူမထိန်းနိုင်တော့မှန်း သိလိုက်ကြသည်။ လုထန်ရိက အမြန်ထအော်သည်။
“ခနလေး! ခေါင်းဆောင်! စိတ်လျှော့! စိတ်လျှော့! လင်းလင်းက ဒီမှာ!”
လုထန်ရိ၏အသံကြောင့် သူသည် တစ်ချက်လေးတောင် နောက်ကိုလှည့်မကြည့်ဘဲ အသံနက်နက်ဖြင့် “စိတ်လျှော့ရမယ်? ငါဒီကိုမလာခင် လင်းလင်းကို အပ်ထားခဲ့တာကို မင်းသိလား? အခုတော့ သူကလင်းလင်းနဲ့ မရှိတော့ဘူး လင်းလင်းက သူ့အကာအကွယ် ဒါမှမဟုတ် ငါ့အကာအကွယ်မရှိရင် ဘယ်လိုဒုက္ခရောက်နေမလဲကို နားလည်လို့လား? အခုတော့ သူကဒီမှာ မုန့်ယွဲ့နဲ့အတူ ရောက်လာတယ်။ ဒါဆိုရင် ငါ့လင်းလင်းကရော?”
“ဒီမှာ! လင်းလင်းက ဒီမှာရှိတယ်!!!” ဝူချန်းယွဲ့၏ နီရဲနေသည့် မျက်လုံးများကို ကြည့်ကာ လူစုသည် တစ်သံတည်းဖြေကြသည်။
“ဟုတ်တယ်! လင်းလင်းက အဆင်ပြေတယ်! ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ!” ကောင်းချင်းက သတိထားကာ ပြောသည်။ ခေါင်းဆောင်ဝူသာ ဒီနေရာမှာ အသိစိတ်လွတ်သွားပါက သူတို့အဖွဲ့သည် ငရဲကျခံရတော့မှာ ဖြစ်သည်။
ခေါင်းဆောင်ဝူသည် သဘောကောင်းကာ ပြုံးနေတက်သော်လည်း သူ့အဖိုးတန်သမီးလေးနှင့် ပတ်သတ်လျှင် ဒီသဘောကောင်းသည့်သူမှာ အလွန်ဆိုးဝါးသည့် အကြမ်းဖက်သမား ဖြစ်သွားတက်သည်။ အဆင့်၇စွမ်းအားရှင်လည်း ဖြစ်နေသေးရာ သူစိတ်လွတ်သွားပါက သူ့ကိုယ်သူဖောက်ခွဲမိသွားနိုင်သည်။
“ဘာပြောလိုက်တာ?” ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံသည် တစ်သံတည်းဖြင့် လှည့်ကြည့်လာကြသည်။
ဝူချန်းယွဲ့က ဘာမှထပ်မပြောရသေးခင် ရှောင်ယွင့်လုံက “မဖြစ်နိုင်တာ! လင်းလင်းက ဘယ်လိုလုပ် ဒီမှာရှိမှာလဲ? ဇွန်ဘီဘုရင်မက ဒီကိုခေါ်လာလို့လား!”
သူ့စကားများသည် ဝူချန်းယွဲ့၏ အထင်မှန်ကြောင်းကို သေချာသွားစေသည်။ ဝူချန်းယွဲ့သည် သူ့ကိုချက်ချင်းပြန်လှည့်ကြည့်ကာ “ဘာ? ဇွန်ဘီဘုရင်မ? ဘာဖြစ်လို့ လင်းလင်းက ဇွန်ဘီဘုရင်မနဲ့ ရှိနေတာလဲ?”
ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့ကိုတစ်ချက်ကြည့်ကာ ခေါင်းပြန်ငုံ့သွားကာ ရှုံ့မဲ့နေသည့် မျက်နှာဖြင့် ရေရွတ်သည်။ “ငါတောင်းပန်ပါတယ်။ ငါ့အမှားပါ။ ငါလင်းလင်းကို မကာကွယ်နိုင်ဘူး။ ထူးဆန်းတဲ့ ဇွန်ဘီဘုရင်မကို ခေါ်သွားခွင့်ပေးလိုက်မိတယ်။ ငါတောင်းပန်ပါတယ်။ တောင်းပန်တယ်”
ဝူချန်းယွဲ့၏ သူငယ်အိမ်များသည် ထပ်ကျုံ့သွားသည်။ သူသည် နောက်သို့ဆုတ်ကာ မယုံနိုင်စွာဖြင့် “မဖြစ်နိုင်ဘူး! ဘယ်လိုလုပ်ပြီးတော့ နောက်ထပ်ဇွန်ဘီဘုရင်က ရှိနေမှာလဲ? မင်းလိမ်နေတာ။ လိမ်နေတာမလား? ရှောင်ယွင့်လုံ မင်းငါ့ကိုလိမ်နေတာ!”
အရပ်ရှည်ကာ ထွားကျိုင်းသည့် ရှောင်ယွင့်လုံ၏ကိုယ်သည် လဲတော့မလို ကိုင်းညွတ်လာကာ ဘာမှမပြောပေ။ ဝူချန်းယွဲ့၏ မျက်နှာထက်က ဒေါသတို့က ပိုဆိုးလာသည်ကို မြင်သည့်အခါ လူစုသည် စိုးရိမ်လာကာ လုထန်ရိက “ခေါင်းဆောင်! လင်းလင်းက အဆင်ပြေတယ်! အခုကျွန်တော်တို့နဲ့အတူရှိနေတာ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ!”
“အမကြီး! ပုန်းမနေနဲ့! ထွက်လာပါတော့!” လျူကျင်းသည် ကောင်းကင်ကိုကြည့်ကာ အော်သည်။
ဝူချန်းယွဲ့သည် လုထန်ရိ၏ စကားများကို သိပ်အာရုံမစိုက်နိုင်ပေ။ ရှောင်ယွင့်လုံသည်လည်း မုန့်ယွဲ့နှင့်လင်းလင်းတို့ ကားမှောက်သွားသည့် မြင်ကွင်းကြောင့် အခုအချိန်တွင် ဘယ်သူဘာပြောပြော နားမထောင်နိုင်တော့ပေ။ သို့သော်လည်း လျူကျင်း၏ အော်သံကြောင့် ဝူချန်းယွဲ့သည် အာရုံရောက်လာကာ လုထန်ရိကို နားမလည်စွာ လှည့်ကြည့်သည်။
လုထန်ရိသည် ရှေ့သို့ခြေလှမ်းအချို့တိုးသွားကာ “စိတ်အေးအေးထားပြီး နားထောင်ပါ။ လင်းလင်းက အခုကျွန်တော်တို့နဲ့ အတူရှိနေတာ။ ဇွန်ဘီဘုရင်မက ခေါ်သွားတာ ဟုတ်ပင်မယ့် ဘာမှမဖြစ်ဘဲ ကယ်ခံလိုက်ရတယ်။ ဒါကြောင့် စိတ်အေးအေးထားပါ”
“ဘာ?” ဝူချန်းယွဲ့သည် သူ့ကိုမယုံနိုင်စွာ ကြည့်သည်။
“သူပြောတာ အမှန်ပဲ!” ကောင်းချင်းမင်းက အမြန်ထပ်ပြောသည်။ “ခုနက ပျောက်သွားတဲ့တစ်ယောက်ပဲ။ သူ့မှာနယ်မြေရှိတယ်။ လင်းလင်းက သူ့နယ်မြေထဲမှာ အခုရှိတယ်။ ဒါကြောင့် စိတ်အေးအေးထားပါ။ လင်းလင်းကို သူထုတ်လာပေးပါလိမ့်မယ်”
ထိုအခါမှ ရှောင်ယွင့်လုံသည်လည်း ကောင်းချင်းမင်းကို နားမလည်စွာဖြင့် ကြည့်လာသည်။
ထိုအချိန်တွင် သူတို့စကားကို နားထောင်နေသည့် လင်းချင်းသည် ထွက်လာဖို့ အချိန်ရပြီဟု ခံစားမိသည်။ ထို့ကြောင့် အခြားအဆောက်အဦးတစ်ခုပေါ်သို့ ခုန်ကူးလိုက်ကာ ကိုယ်ပြန်ဖော်လိုက်ပြီး အမိုးစွန်ကာ အုတ်ဘောင်တန်းတွင် ရပ်နေလိုက်သည်။
လင်းချင်းပေါ်လာသည်နှင့် လူစုသည် သူမကိုလှည့်ကြည့်ကြသည်။ သူမကို မြင်သည်နှင့် ဝူချန်းယွဲ့သည် ချက်ချင်းတိုက်ဖို့ပြင်သော်လည်း လုထန်ရိက လှမ်းပြောလိုက်မှ ရပ်သွားသည်။ “ခနလေး! ခေါင်းဆောင် ဒီမှာနေသင့်တယ်။ မဟုတ်ရင် နယ်မြေထဲကို ထပ်ပြေးနေဦးမယ်”
ဝူချန်းယွဲ့သည် လင်းချင်းကို သောကအပြည့်ဖြင့် လှမ်းအော်မေးသည်။ “လင်းလင်း ဘယ်မှာလဲ? မင်းဆီမှာ သူရှိလား?”
လင်းချင်းသည် မျက်လုံးကို လှန်လိုက်မိသည်။ သို့သော်လည်း နေကာမျက်မှန်က ကွယ်နေသည်။ ‘ငါ့ဆီမှာရှိလားက ဘာသဘောလဲ? ငါက ပြန်ပေးဆွဲထားတာလည်း မဟုတ်ဘူး။ ငါ့ကိုလူဆိုးမဖြစ်အောင် ပြောနေတာပဲ’