May Honey Logo May Honey
Previous Next

၃၃၆။ ဇွန်ဘီခွေးကြီးရှုံးသွားတယ်

မကြာခင်တွင် ဇွန်ဘီခွေးသည် မြေပြင်ကနေ သိပ်အထိမနာသလိုမျိုး ပြန်ထလာသည်။ သူ့အမွေးက ဖုန်များကို ခါလိုက်ကာ သစ်ပင်ကို အော်သည်။   “ဂါး”

သူ့ပါးစပ်ကိုဟကာ ဟောင်နေရင်း သူ့သွားချွန်များကို ဖြဲပြနေသည်။ လင်းချင်းသည် သူ့ကိုယ်ကထွက်လာသည့် စွမ်းအားလှိုင်းကို ခံစားမိသည်။ မကြာခင်တွင် သူ့ပါစပ်ကနေ စွမ်းအားလှိုင်းတစ်ခုထွက်လာသည်။

“ဂါး”   သစ်ပင်အား အော်လိုက်သည့်အသံအနောက်တွင် သူ့ပါးစပ်ထဲမှ ခရမ်းနီရောင်မီးတောက်များထွက်လာသည်။ 

သစ်ပင်သည် ထိုမီးတောက်များကို ရှောင်ဖို့အတွက် အမြန်ကွေးပစ်လိုက်သည်။ ဒီအချိန်တွင်ပဲ သူ့ကိုယ်သူကာကွယ်ဖို့အတွက် သစ်ပင်၏ပင်စည်မှနေ စွမ်းအားလှိုင်းတစ်ခု ထွက်လာသည်။

လင်းချင်းသည် အဆင့်ငါးဇွန်ဘီခွေးက အရွက်မဲ့နေသည့်သစ်ပင်အား မီးဖြင့်မှုတ်နေသည်ကို ကြည့်နေသည်။ ဇွန်ဘီခွေးသည် တကယ့်ကို အစွမ်းကြီးသည်။ ပါးစပ်ကနေ ၂မိနစ် ၃မိနစ် ဆက်တိုက်ကို မီးထုတ်နိုင်သည်။

လင်းချင်းသည် ဒီမီး၏ အပူချိန်က အရမ်းကိုမြင့်ကြောင်းကို ခံစားမိသည်။ အနားက မီးဖြင့်မြှိုက်ခံရတာ မဟုတ်သည့် အပင်များတောင် ချက်ခြင်းငြိုးနွှမ်းကုန်ကြပြီ။ ဇွန်ဘီခွေးသည် အရွက်မဲ့အပင်ကိုပဲ မီးဖြင့်မှုတ်နေကာ တခြားအပင်များထံသို့ မရောက်သဖြင့် မီးကို သေချာထိန်းနိုင်ပုံရသော်လည်း အပူချိန်ကြောင့် အနားက အပင်များက သေကုန်တာဖြစ်သည်။

လင်းချင်းတောင် အလိုလို နောက်ဆုတ်မိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် တကယ်ကြီးကို ပူနေတာကြောင့် ဖြစ်သည်။ သာမန်သစ်ပင်သာဆိုလျှင် ဒီလိုမီးဖြင့် ၂မိနစ် ၃မိနစ် ဆက်တိုက်အမှုတ်ခံရပါက ပြာကျသွားမှာ ဖြစ်သည်။ သို့သော်လည်း ဒီမိစ္ဆာပင်ကတော့ မီးကျွမ်း၍မဲသွားပြီး ရှုံ့ကျသွားရုံလောက်သာ ရှိသည်။ မီးဖြင့် ဘယ်တောက်အတိုက်ခံနေရပါစေ အပင်မှာ အကောင်းအတိုင်းရှိနေဆဲပင်။

သစ်ပင်ကို မီးကဘာမှပြင်းပြင်းထန်ထန် မထိခိုက်စေသည့်အခါ ဇွန်ဘီခွေးသည် သွားကိုဖြဲ၍ သစ်ပင်ကို ခုန်ကိုက်ဖို့ လုပ်ပြန်သည်။ ထို့နောက် သူ့ရှေ့ခြေလက်များကို သစ်ပင်အား အသားကုန်လွှဲယမ်း၍ ကုတ်ခြစ်သည်။

လင်းချင်းသည် သစ်ပင်ကို အံ့သြစွာ ကြည့်နေသည်။
‘မှော်ဆန်လိုက်တာ. . .မီးကိုတောင် မဖြုံတဲ့သစ်ပင်ပါလား!’

ဇွန်ဘီခွေးသည် သူ့လက်သည်းများကို ဝေ့ယှမ်း၍ သစ်ပင်ကို ကုတ်ခြစ်ကာ မြေပြင်သို့ ဆင်းသက်သည်။ ထို့နောက် နောက်သို့ပြန်လှည့်ကာ ထပ်ကုတ်ပြန်သည်။ မီးက အပင်ကို မထိရောက်သော်လည်း လက်သည်းများကတော့ ဒီလိုမဟုတ်ပေ။ အရွက်မဲ့အပင်၏ အကိုင်းများသည် ပြုတ်ကျတော့မတက် အဖြတ်ခံလိုက်ရသည်။

ဇွန်ဘီခွေးက အကိုင်းများကို ဖြတ်လိုက်သည့်အခါ အပင်သည် ပြင်းထန်စွာ ယိမ်းခါသည်။ ထို့နောက် ဇွန်ဘီခွေးက ခနလောက် မီးထုတ်နိုင်မှာ မဟုတ်တော့သည်ကို ခံစားမိပုံရသောကြောင့် ပင်စည်အား အကိုင်းများဖြင့် ရစ်ပတ်ထားခြင်းကို ဖြေလိုက်သည်။ ထို့နောက် လာကိုက်နေသည့် ခွေးအား အကိုင်းများဖြင့် ရိုက်ထုတ်ချလိုက်သည်။

ဒီတစ်ခါတော့ ဇွန်ဘီခွေးသည် အမြန်မတုန့်ပြန်နိုင်ပေ။ သစ်ကိုင်းများအပေါ် တက်နင်းမိထားတာ ဖြစ်သောကြောင့် ရိုက်ချခံလိုက်ရစဉ်တွင် နောက်ထပ်အကိုင်းများက ဇွန်ဘီခွေးအား ချက်ခြင်းရစ်ပတ်ကာ ဖမ်းလိုက်သည်။

“အာဝူး. . .”   ဇွန်ဘီခွေးသည် အရိုက်ခံရသဖြင့် နာကျင်စွာဖြင့် အူသည်။ သို့သော်လည်း ဝေးရာသို့ သူထွက်မပြေးနိုင်ခင်တွင် အကိုင်းများက သူ့နောက်ခြေထောက်ကို ရစ်ပတ်ထားပြီ ဖြစ်ရာ မြေကြီးပေါ်သို့ ထပ်ခါထပ်ခါ ကိုင်ရိုက်ခံရတော့သည်။

ဒုန်း! ဒုန်း! ဒုန်း! ဒုန်း!

“ဂါး. . .ဂါ့. . .ဂါ. . .”   ဇွန်ဘီခွေးကြီးသည် အခုတော့ ခွေးသေလိုမျိုး ဖြစ်နေပုံရသဖြင့် လင်းချင်းသည် ခိုး၍နဖူးကို ချွေးသုတ်မိသည်။ သို့သော်လည်း သူမက ဇွန်ဘီဖြစ်သောကြောင့် တကယ်တော့ ချွေးမထွက်ပေ။   ‘အတော်နာမှာပဲ’

မြေကြီးပေါ်သို့ ရိုက်ချခံရတိုင်း အော်နေသည့် ခွေးသံကြောင့် လင်းချင်းသည် ဇွန်ဘီဖြစ်နေသော်လည်း ခွေးကြီး၏အထဲက ကလီစာများမှာ ထပ်၍ပျက်စီးနေလောက်တာ ဖြစ်ကြောင်း သိလိုက်သည်။ 

ခွေးကြီးက မြေကြီးပေါ်တွင် မျော့သွားကာ မလှုပ်နိုင်ဖြစ်နေချိန်တွင် အပင်၏ခွကြားသည် ပါးစပ်ကြီးလို ဟ၍ပွင့်လာသည်။ ထို့နောက် ဇွန်ဘီခွေးကြီးအား အကိုင်းများဖြင့် ရစ်ပတ်၍မသွားသည်ကို မြင်လိုက်ရသည်။ အထူးသဖြင့် ခွေးကြီးက ထပ်၍မီးမမှုတ်နိုင်အောင် ပါးစပ်ကိုချုပ်၍ မတာဖြစ်သည်။ ထို့နောက် ခွကြားထဲသို့ ခွေးကြီးအား ပစ်ထည့်လိုက်သည်။

ထိုအချိန်တွင် လင်းချင်းသည် ပင်စင်၏အလည်သို့ အမြန်ပြေးသွားဖို့ စလှုပ်ရှားတော့သည်။ တိုက်ပွဲက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ပင်စည်၏ အလည်အပိုင်းကို အကိုင်းများဖြင့် တင်းကြပ်စွာ ရစ်ပတ်ထားခဲ့တာ ဖြစ်သည်။ ထို့ကြောင့် တစ်ချိန်လုံးစောင့်ကြည့်နေသည့် လင်းချင်းသည် ဒီဇွန်ဘီခွေးကြီးမှာ အပင်ကို နိုင်မှာမဟုတ်ဘူးဟု ထင်ခဲ့တာ ဖြစ်သည်။

ပင်စည်နှင့်အကိုင်းတို့ကြားက ခွကြားက အပေါက်ထဲသို့ ဇွန်ဘီခွေးအား ထည့်လိုက်သည်ကို မြင်သည့်အခါ လင်းချင်းသည် ဒီအပင်က အစာစားတော့မည်ဟု ခန့်မှန်းမိသည်။ သစ်ပင်၏ အလည်ပိုင်းတွင် အလောင်းပုပ်အနံ့များ ထွက်ပေါ်နေသဖြင့် ဒါကအပင်၏ ပါးစပ်ဖြစ်နိုင်သည်။ ထို့ကြောင့် အပင်သည် ခွေးအား အပင်၏အလည်သို့ ဆွဲခေါ်ချိန်တွင် လင်းချင်းက အခွင့်အရေးယူလိုက်သည်။

လင်းချင်းက အရမ်းမြန်လေရာ ခနအတွင်းမှာ ဇွန်ဘီခွေး၏ အပေါ်သို့ ရောက်သွားသည်။ သူမသည် ခွေးကိုတက်နင်းလိုက်ကာ ကိုယ်ကိုဖော်လိုက်၍ လက်သည်းများဖြင့် အပင်ကိုယမ်းလိုက်သည်။

ခုနက တိုက်ပွဲကြောင့် လင်းချင်းသည် ဒီအပင်မှာ သဘာဝလွန်စွမ်းအားများကို ကြောက်မှာမဟုတ်ကြောင်း သိလိုက်သည်။ ဇွန်ဘီခွေး၏ မီးများက မထိခိုက်စေသော်လည်း လက်သည်းများကတော့ အပင်၏အကိုင်းများကို ခုတ်ပစ်နိုင်သည်။ ထို့ကြောင့် လင်းချင်းသည်လည်း လက်သည်းဖြင့် ခုတ်ဖို့ဆုံးဖြတ်လိုက်တာပင်။

လင်းချင်း၏ ရုတ်တရပ်ပေါ်လာမှုကြောင့် အပင်သည် ကြောက်လန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့၏အရေးကြီးဆုံးအပိုင်းအရှေ့တွင် ပေါ်လာသောကြောင့် သူမ၏အရှိန်အဝါသည်  အရမ်းကို အန္တရာယ်များသလို ခံစားရစေသည်။

လင်းချင်းသည် ပေါ်လာသည်နှင့် တိုက်ခိုက်ခြင်းကို တန်း၍စတာဖြစ်သည်။ လက်သည်းများဖြင့် ခုတ်လိုက်ပြီးသည်နှင့် သူမသည် ဇွန်ဘီခွေး၏ အပေါ်တွင် ချက်ချင်းကို ပြန်ပျောက်ကွယ်သွားသည်။ 

သူမပျောက်သွားသည့်အခါ သစ်ပင်ဆီမှ ထူးဆန်းသည့် အသံများထွက်လာ၍ ငြိမ်ကျသွားတော့သည်။ အပင်၏ရိုက်နှက်ခြင်းကို ခံထားရသဖြင့် မူးဝေနေခဲ့သည့် ဇွန်ဘီခွေးသည် ပြန်ကောင်းလာရုံရှိသေး အန္တရာယ်ကို ခံစားမိလိုက်သည်။ အပင်၏ ပါးစပ်ထဲသို့ ဆွဲခေါ်ခံရချိန်တည်းက ခွေးသည် တစ်ချိန်လုံးရုန်းဖို့ ကြိုးစားနေခဲ့တာ ဖြစ်သည်။ အခုတော့ အပင်သည် မလှုပ်နိုင်တော့သော်လည်း ခွေးကတော့ ဒီလိုမဟုတ်ပေ။ ချက်ချင်းဆိုသလို အကိုင်းများမှ ရုန်းထွက်နိုင်သွားသည်။

တင်းကြပ်စွာ ရစ်ပတ်ထားသည့် အကိုင်းများသည် တစ်စုံတစ်ယောက်က ဖြေပေးလိုက်သည့်အလား လျော့သွား၍ ခွေးကြီးမှာ မြေပြင်ပေါ်သို့ အမြန်ခုန်ဆင်းနိုင်သွားသည်။ မြေပြင်ပေါ်သို့ ရောက်သည်နှင့် ခွေးကြီးသည် သန္ဓေပြောင်းပင်ကို နားမလည်စွာ ကြည့်နေသည်။ ထို့နောက် ချက်ချင်းသတိအပြည့်ဖြစ်သွားကာ ရှေ့ခြေများကိုကွေး၍ ကျောကိုဆန့်ထားရင်းက ကြောက်ဖို့ကောင်းသည့် ဇွန်ဘီသားရဲမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ ဟောင်ပြန်သည်။

လေထဲကနေ လင်းချင်းသည်လည်း မြေပြင်ပေါ်သို့ လှည့်၍ကျွမ်းထိုးကာ ဆင်းသက်လာသည်။ ဇွန်ဘီခွေးသည် ကိုယ်ဖော်ထားသည့် လင်းချင်းကို မြင်သည်နှင့် မျက်လုံးများက သူမကိုစိုက်ကြည့်ကာ ခေါင်းကိုငုံ့ထားရင်း သွားကိုဖြဲ၍ မာန်ဖီသည်။   “ဂါး. . .”

ဘုန်း!   ထိုအချိန်တွင် သစ်ပင်ထံမှ ကွဲသွားသည့်အသံကြီး ထွက်လာသည်။ ထို့နောက် သစ်ပင်သည် ပင်စည်မှာ အလည်ကနေကွဲသွားသည်။

ဘုန်း! ဘုန်း!   သစ်ပင်၏ပင်စည်သည် အပိုင်းပိုင်းကွဲသွားကာ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် ဆိုးဝါးသည့် အပုပ်နံ့များက သစ်ပင်၏ ပင်စည်ကနေ ထွက်လာသည်။

အပင်၏ ပင်စည်သည် အခေါင်းပေါက်ကြီး ဖြစ်သည်။ အပိုင်းပိုင်းကျိုးသွားသည်နှင့် အရိုးနှင့်ကပ်စေးနေသည့်အရည်များက စီးထွက်လာသည်။ ဒီအရိုးပိုင်းများနှင့်အရည်များသည် အသွေးနှင့်အသားများ ဖြစ်ပုံရခဲ့သဖြင့် ဒါသည်တကယ့်ကို အပုပ်နံ့ထွက်ရာအရင်းမြစ်များပင်။

လင်းချင်းသည် အပင်ထံသို့သွားရာတွင် အနံ့ကိုမခံနိုင်သဖြင့် နှာခေါင်းကို ပိတ်ထားရသည်။ အပင်က ကွဲထွက်သွားသည်နှင့် အမြူတေက ဘယ်တွင်ရှိမှန်းကို သိထားပြီးသား ဖြစ်သည်။  
Previous Chapter 336 of 410 Next