May Honey Logo May Honey
Previous Next

၃၆၅။ မကောင်းတဲ့ ခံစားချက်

လင်းချင်းသည် နွယ်လေးကို နားမလည်စွာဖြင့် ငုံ့ကြည့်လိုက်သည်။   “ဘာယောက်ျားလဲ? ဘာဖြစ်လို့ ယောက်ျားကို လိုတာလဲ? ငါ့ကိုအရင်ပြော”

နွယ်လေးက   “အင်း. . .ဟို. . .မေမေကြိုက်တဲ့ ယောက်ျားတစ်ယောက်ပဲ. . .အင်း. . .နွယ်လေးကို အဆင့်မြင့်ဖို့ သူကူညီပေးရမှာ။ မေမေနဲ့ မတူတဲ့လိင် ဖြစ်ဖို့လိုတယ်. . .မဟုတ်ရင်လည်း မေမေ မကြိုက်တဲ့သူတစ်ယောက်ယောက်ရှာပေး. . .ဒါလည်းဖြစ်တာပဲ’

လင်းချင်းသည် နွယ်လေး၏ စကားများမှ မကောင်းသည့် ခံစားချက်ကို ရလိုက်သည်။   “နင်ပြောချင်တာက ဒီတစ်ခေါက် ကန်ထဲကို အတူဆင်းမယ့် ယောက်ျားတစ်ယောက်ကို ငါကရှာပေးရမှာလား?’

‘ဟုတ်တယ် ဟုတ်တယ်’   နွယ်လေးက ဖြေသည်။

“ပြီးတော့ရော?”   လင်းချင်းက ဆက်မေးသည်။

‘ပြီးတော့? ဘာပြီးတော့လဲ?’   နွယ်လေးက နားမလည်ပေ။

“ငါတို့၂ယောက် ကန်ထဲကိုဆင်းပြီးရင် နင့်ကိုအဆင့်တက်ဖို့ ဘယ်လိုကူရမှာလဲ?”   လင်းချင်းက မေးသည်။

‘ဒါကိုတော့ သေချာမသိဘူး. . .နောက်မှပဲ ဘာလုပ်ရမလဲသိမှာ. . .’   နွယ်လေးက သူမကို အဖြေတိတိကျကျ မပေးပေ။

လင်းချင်းအတွက် တကယ့်ကို ထူးဆန်းနေသည်။    ‘ဘာဖြစ်လို့ ယောက်ျားတစ်ယောက်ကို နယ်မြေထဲကို ခေါ်ရမှာလဲ? ငါနဲ့အဲ့ယောက်ျားက နှစ်ယောက်လုံး ကိုယ်လုံးတီးနဲ့ ကန်ထဲမှာ မျက်နှာချင်းဆိုင်နေရမှာလား? အား ဒါတကယ်မကောင်းဘူး။ နွယ်လေးက ဘာလုပ်ဖို့ စီစဉ်နေတာပါလိမ့်?’   လင်းချင်းက တွေးနေမိသည်။

‘မေမေ အသေးလေးနဲ့ နွယ်လေးတွေ့ချင်တယ် ကစားဖို့ ခေါ်လာပေးပါ. . .’   နွယ်လေးသည် ဝူယွဲ့လျန်အား နယ်မြေထဲသို့ ခေါ်လာစေချင်နေတာ ဖြစ်ပြီး ကျန်တာကို ဂရုစိုက်ပုံမရပေ။

လင်းချင်းက နွယ်လေးကို ထူးဆန်းစွာကြည့်ကာ   “နင်ကဒီလိုဖြစ်နေပြီ။ အသေးလေးကို ခြောက်သလို ဖြစ်နေမှာလား?’

နွယ်လေးက သူ့နွယ်များကို ယမ်းကာ   “ဟင့်အင်း။ အရင်တစ်ခေါက်တည်းက နွယ်လေးပြောင်းမှာကို ပြောပြထားပြီးသား. . .”

လင်းချင်းသည် ဆွံ့အစွာ ကြည့်နေမိသည်။ နွယ်လေးက ဝူယွဲ့လျန်ကို ဘာတွေပြောထားသလဲ သူမက မသိပေ။

“ဒါဆိုရင်လည်း ဒီမှာခနစောင့်”   လင်းချင်းသည် နွယ်လေးကို နယ်မြေလေးထဲသို့ ခေါ်သွားကာ ဆိုဖာပေါ်တွင် ချထားပေးလိုက်သည်။

ထို့နောက် ဝူယွဲ့လျန်ကို သွားခေါ်ဖို့ မထွက်ခင်တွင် လှည့်မေးသည်။   “နင်အေးနေလား? အဝတ်တွေ ဘာတွေလိုသေးလား?”

နွယ်လေးသည် ဆိုဖာပေါ်တွင် ထိုင်နေရင်းက အမြစ်များကို လှုပ်ခါ၍    “မအေးပါဘူး”

“ဒါဆိုရင်လည်း ဟုတ်ပြီ။ ဒီမှာခနစောင့်”   ဒီလိုပြောကာ လင်းချင်းသည် နယ်မြေထဲကနေ လှည့်ထွက်သွားသည်။

နယ်မြေထဲက ထွက်လာသည့်အခါ လူတိုင်းက သူမကို လှည့်ကြည့်ကြသည်။ လင်းချင်းက ဝူယွဲ့လျန်နှင့် ဝူယွဲ့လျန်ချီထာသည့် ယုန်ကိုပါအပါ သူမနှင့်အတူ ဖျောက်သွားသည်ကို မြင်လိုက်ရသည်။

“ဘာဖြစ်လို့လဲ?”   တူယွမ်ရှင်းက မေးသည်။

ယွမ်ထန်ရှင်းက ခေါင်းခါကာ   “ငါက ဘယ်လိုလုပ် သိမှာလဲ?”

“ဪ မင်းသမီးလေးကို သူ့နယ်မြေထဲကို ခေါ်သွားတာပဲ”   တူယွမ်ရှင်းက ပြောသည်။   “နောက်ကျရင် ခေါင်းဆောင်ဝူက ကလေးမကို လာပြန်ခေါ်ရင် ဘယ်လိုလုပ်ကြမလဲ?”

ယွမ်ထန်ရှင်းသည် သူ့ကိုကြည့်ကာ ရယ်သည်။   “ဘာလုပ်စေချင်လို့လဲ? သူ့သမီးကို လုမိန်းကလေးက နယ်မြေထဲကို ခေါ်သွားတယ်ပဲ ပြောရမှာပေါ့”

“ဟုတ်သားပဲ”   တူယွမ်ရှင်းက ဖြေသည်။

လုံချင်းယင်က သူ့ကိုတစ်ချက်ကြည့်ကာ   “ဘာဖြစ်လို့ နင်ကအတွေးများနေတာလဲ? လုမိန်းကလေးက မင်းသမီးလေးကို ထိခိုက်အောင် လုပ်မှာမှ မဟုတ်တာ။ ဘာဖြစ်လို့ ပူနေတာလဲ?”

တူယွမ်ရှင်းက တစ်ခါတစ်လေ ကြောင်တောင်တောင်နိုင်သည်ဟု ဘာဖြစ်လို့ သူမက သတိမထားမိခဲ့သလဲကို တွေးနေမိသည်။ သူမကို တာဝန်အတူလုပ်ဖို့ အရင်က လာပြောတုန်းကတော့ ပုံမှန်လူလိုပင်။

လင်းချင်းသည် ဝူယွဲ့လျန်ကို နယ်မြေထဲသို့ ခေါ်လာပြီးသည့်နောက် နွယ်လေးကို လက်ညိုးထိုးပြကာ   “သူ့ကိုသိသေးလား?”

ဝူယွဲ့လျန်သည် လင်းချင်း၏ နယ်မြေထဲသို့ ခေါ်ခံရသည်အား အသားကျနေပြီ ဖြစ်သည်။ နယ်မြေထဲသို့ ရောက်သည်နှင့် အလိုအလျောက် ကန်ဘက်ကို မျက်နှာလှည့်ကြည့်သည်။ လင်းချင်းမေးသည်ကို ကြားမှ သူမအား မျက်လုံးကြီးကြီးတောက်တောက်များဖြင့် ကြည့်နေသည့် နွယ်လေးကို လှည့်ကြည့်လာတာ ဖြစ်သည်။

နွယ်လေးကိုမြင်သည်နှင့် သူမ၏ မျက်လုံးများသည် ချက်ချင်းတောက်ပသွားသည်။ ထို့နောက် ဆိုဖာထံသို့ အမြန်လျှောက်သွားသည်။ 

နွယ်လေးသည်ထိုင်နေကာ သူ့အမြစ်ခြေထောက်များကို လှုပ်ယမ်းနေသည်။ ဝူယွဲ့လျန်က အနားသို့ ရောက်သည်နှင့် ကလေးမလေး၏လက်အပေါ်သို့ သူ့နွယ်ကို တင်လိုက်သည်။ ထို့နောက် အငယ်လေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပြုံး၍ကြည့်နေကြသည်။

ဝူယွဲ့လျန်၏ မျက်နှာထက်တွင် အမှုအယာက ရှိခဲသည်။ အခုတော့ လင်းချင်းသည် သာမန်ကလေးငယ်များလို သူမ၏မျက်နှာထက်တွင် အမှုအယာများ ပြောင်းနေသည်ကို တွေ့လိုက်ရသည်။ ဒါသည် ဝူယွဲ့လျန်မှာ သူမနှင့် သို့မဟုတ် နွယ်လေးနှင့် သို့မဟုတ် မီးခိုးရောင်ယုန်ဖြင့် ရှိချိန်မျိုးမှာသာ ဖြစ်တက်သာ ဖြစ်သည်။

လင်းချင်း၊ နွယ်လေးနှင့် မီးခိုးရောင် ယုန်တို့ဖြင့် အတူရှိလျှင် ဝူယွဲ့လျန်သည် ပျော်နေသည့်ခံစားချက်တို့က အမြဲထွက်လာတက်သည်။ လင်းချင်းသည် ဝူယွဲ့လျန်မှာ နွယ်လေးကို အရမ်းကြိုက်ကြောင်းသိသည်။ အဘယ်ကြောင့်ဆိုသော် ကလေးမလေး၏ နှုတ်ခမ်းထောင့်များသည် အလိုလိုကို ကော့ညွတ်နေကာ ပြုံးနေသလို ဖြစ်နေသည်ကို အမြဲသတိထားမိသောကြောင့်ပင်။ ဝူယွဲ့လျန်ကရော သူမကိုယ်သူမ သတိထားမိသလား ဆိုသည်ကိုတော့ လင်းချင်းက သိချင်မိသည်။

“အသေးလေး ငါတို့ကို ဘယ်တော့မှ စကားပြောမှာလဲ?”   သူမက မေးသည်။

ဝူယွဲ့လျန်၏ အော်တစ်ဇင်လက္ခဏာများသည် ဖြည်းဖြည်းချင်း နည်းပါးလာသည်ကို လင်းချင်းက ခံစားမိသည်။ သို့သော်လည်း ဒါကသူမနှင့် နွယ်လေးကို လက်ခံသောကြောင့် ဒီလိုခံစားမိနေခြင်းလားတော့ သူမလည်း မသိပေ။

အသေးလေးသည် လင်းချင်းကိုကြည့်ကာ ပါးစပ်ကို နည်းနည်းဟလိုက်သည်။ သို့သော်လည်း ဘာအသံမှ ထွက်မဘဲ နွယ်လေးဖြင့်သာ လှည့်၍ဆော့နေတော့သည်။

နွယ်လေးသည် သူမကို သူ့နွယ်များဖြင့် ဆိုဖာပေါ်သို့တင်ကာ သူ့ဘေးတွင် ထိုင်စေသည်။ ထို့နောက် ဒီအငယ်လေးနှစ်ယောက်မှာ သူတို့ဟာသူတို့ ဆက်သွယ်နေကြပုံရသည်။ လင်းချင်းသည် သူတို့က အရမ်းအရေးကြီးတာကို ဆွေးနွေးနေကြသည့်ပုံမျိုးကို တွေ့မိသည်။ မီးခိုးရောင်ယုန်ဖြင့်တောင် ဘယ်သူကမှ မဆော့ကြတော့ပေ။ 

ယုန်သည်လည်း ဒီပတ်ဝန်းကျင်ကို အရမ်းရင်းနှီးသဖြင့် အသေးလေးထံမှ ခုန်ဆင်းသွားကာ စတော်ဘယ်ရီသီးခင်းထံသို့ ခုန်ပေါက်သွားတော့သည်။ ယုန်သည် မုန်လာဉကိုသာ စားနေခဲ့ရတာ ဖြစ်သည်။ အပြင်က အသီးအရွက်များက အရာသာ အရမ်းဆိုးဝါးသဖြင့် အခုတော့ ဒီနယ်မြေထဲမှ အသီးအရွက်များကို အရမ်းကို စားချင်နေသည်။

လင်းချင်းသည် ဒီအငယ်လေးနှစ်ယောက်က ဘာပြောနေကြသလဲကို မသိပေ။

နွယ်လေးက   ‘မေမေ့ကို ယောက်ျားတစ်ယောက် ရှာပေးရမယ်’

ဝူယွဲ့လျန်က   ‘ငါ့ဖေဖေအတွက် မိန်းမရှာပေးရမယ်’

နွယ်လေးသည် ဝူယွဲ့လျန်ကို အံ့သြစွာကြည့်ကာ မေးသည်။   ‘ဟမ်? ဒါဆိုရင် ငါ့မေမေဆိုရင်ရော ဘယ်လိုလဲ? နင်ကြိုက်လား?’

ဝူယွဲ့လျန်က ခေါင်းငြိမ့်ကာ မသေချာစွာဖြင့်   ‘အမကြီးဇွန်ဘီက အရမ်းကောင်းတယ်. . .ငါကြိုက်တယ်။ ငါကြိုက်တယ်. . .ဒါပင်မယ့် ဖေဖေကရော ကြိုက်ပါ့မလား မသိဘူး. . .’

နွယ်လေးသည် သူ့အရည်လဲ့နေသည့် မျက်လုံးစိမ်းများကို ကျဉ်းမြောင်းလိုက်ကာ   ‘ဒီကို နင့်ဖေဖေကိုခေါ်ခဲ့။ ငါသူ့ကိုကြည့်ချင်တယ်. . .ငါ့မေမေကို ကြိုက်အောင် ငါလုပ်လိုက်မယ် ဟီး ဟီး. . .’   နွယ်လေးက ဒီလိုပြောကာ ရယ်နေသည်။

ဝူယွဲ့လျန်က မျက်လုံးတောက်တောက်လေးများဖြင့် နားမလည်စွာ ပြန်ကြည့်ကာ   ‘တကယ်လား? ဖေဖေက အမကြီးဇွန်ဘီကို ပြန်ကြိုက်အောင် ဘယ်လိုလုပ်မှာလဲ?’

နွယ်လေးက သူမကိုပြောသည်။   ‘နောက်ဆိုရင် နင်လည်း မေမေလို့ ခေါ်ရမှာ။ ဒီလိုလုပ်ဖို့ နည်းလမ်း ငါ့မှာရှိတယ်’

ဝူယွဲ့လျန်က နွယ်လေးကို သံသယဖြင့် ကြည့်ကာ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြသည်။

လင်းချင်းသည် ဝူယွဲ့လျန်ကို ခေါ်ခိုင်း၍ ခေါ်လာခဲ့ပြီးနောက် သူမအား နွယ်လေးက ကလေးမလေးထံတွင် ရောင်းစားလိုက်ပြီဖြစ်ကြောင်းကို လုံးဝကို မသိခဲ့ပေ။ 

တစ်ဖက်တွင်တော့ ဝူချန်းယွဲ့သည် ရှောင်ယွင့်လုံဖြင့် ယန်းချောင်းကို လိုက်နေဖြစ်ကာ နွယ်ပင်သေးသေးလေးထံတွင် သူ့ကိုလည်း ရောင်းစားခံလိုက်ရကြောင်းကို မသိပေ။ အခုအချိန်တွင် သူနှင့် ရှောင်ယွင့်လုံကို လိုက်ဖမ်းနေသည်မှာ စခန်းအလည်ကနေ စခန်းအစွန်နားက ရပ်ကွက်များသို့တောင် ရောက်နေပြီ။

အသွင်ပြောင်းပြီးသည့်အခါ ယန်းချောင်းသည် အရမ်းမြန်လာသည်။ ထို့အတူ သူသည် လူထူသည့်နေရာများနှင့် ကျဉ်းသည့်နေရာများကနေ ရွေး၍ပြေးနေလေရာ ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့၏ တိုက်ခိုက်မှုများသည် အကန့်အသတ်ဖြင့် တိုက်နေရတာ ဖြစ်သည်။

“ဂါး. . .ဟား ဟား. . .လာစမ်းပါ မင်းလုပ်ရဲရင် အဆောက်အဦးတစ်ခုလုံးကို ဖောက်ခွဲပစ်လိုက်. . .မင်းမလုပ်ရဲရင် ငါ့ကိုဘာများလုပ်နိုင်မှာလဲ?”   ယန်းချောင်းက ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့ကို လှောင်ရယ်ရင်း လူနေသည့် အဆောက်အဦးကို တွယ်တက်နေသည်။

မကြာခင် အဆောက်အဦးထဲကလူများ၏ ကြောက်လန့်၍အော်သံများက ထွက်ပေါ်လာပြီးနောက် ဆူညံသံတို့က ထွက်လာနေတော့သည်။   
Previous Chapter 365 of 410 Next