May Honey Logo May Honey
Previous Next

၃၄၁။ ရှန်ယုကျန်းကကိုက်ပြီ

“မင်းသူ့ကို တစ်ခုခုလုပ်ထားတာပဲ ဖြစ်ရမယ်။ သူဒီကိုရောက်နေတာက မင်းကိုဒုက္ခဖြစ်စေဖို့ဆိုတာ သိသာတယ်!”   ကောင်းချင်းမင်းက ဖြောင်ကောချန်ကို လှည့်ပြောသည်။

လုထန်ရိသည် ရှန်ယုကျန်းကို တစ်ချက်ကြည့်ကာ ဖြောင်ကောချန်ကို လှည့်ကြည့်သည်။ သူ့မျက်နှာက အပြုံးသည် ပျောက်သွားပြီ ဖြစ်သည်။   “ဒုခေါင်းဆောင်ဖြောင်!”   သူသည် ဖြောင်ကောချန်အား အလေးအနက်ထားကြည့်ကာ   “ညပိုင်းသွားလာနေတဲ့သူက သရဲတွေ့ဖို့ ပိုများတယ်။ ခင်ဗျားခိုးလုပ်နေတဲ့ ကိစ္စတိုင်းအတွက် တစ်နေ့မှာ ပြန်လက်စားချေခံရမယ်လို့ တွေးမိလား?”

လုထန်ရိနှင့် ကောင်းချင်းမင်းတို့ နှစ်ယောက်လုံးမှာ ဖြောင်ကောချန်က လူကောင်းမဟုတ်သည်ကို သိကြသည်။ သူသည် သူများ၏ ဇနီးနှင့်ချစ်သူမိန်းကလေးများကို နှောင့်ယှက်ရသည်ကို နှစ်ခြိုက်သည်။ ထို့အတူ ဒီသနားဖို့ကောင်းသည့် အမျိုးသမီးများမှာ သူလုပ်ချင်တာကို အတင်းအကြပ်လုပ်ခွင့်ပေးရသည်။ သူ့လက်ထဲသို့ရောက်သည့် ဘယ်မိန်းမမဆို အိမ်ကို ဘယ်တော့မှ မပြန်နိုင်ကြပေ။  လူအများစုသည် သူ့ကိုသံဿယဝင်ကာ မုန်းတီးကြသော်လည်း ဘာကိုမှ မလုပ်နိုင်ကြပေ။

သာမန်လူတို့၏မိသားစုများ သို့မဟုတ် အဆင့်နိမ့်စွမ်းအားရှင်တို့၏ မိသားစုများကို သူသည် ထိခိုက်အောင်လုပ်ဖို့သာ ရွေးချယ်လေ့ရှိသည်။ အကယ်၍ ဒီမိသားစုများက သူ့အကြောင်းကို သိသွားပါက ဒီလူများကိုသတ်ဖို့ သူ့လူများကို လွှတ်တက်သည်။

အခုတော့ သူ့အရှေ့တွင် သူ့ကိုမုန်းတီးစွာ ရပ်၍စိုက်ကြည့်နေသည့် မိန်းမကို မြင်သည့်အခါ လုထန်ရိသည် ဖြောင်ကောချန်မှာ သူလုပ်ခဲ့သည့်လုပ်ရပ်များအတွက် ပြန်ဒဏ်ခံရတော့မည်ကို သိလိုက်သည်။ ထို့အတူ လုထန်ရိတို့အရှေ့မှာပင် ဒီမိန်းမကို ဖမ်းဖို့ သူ့လူများကို အမိန့်ပေးနေရဲသေးသည်။

လုထန်ရိ၏စကားများကို ကြားသည့်အခါ ဖြောင်ကောချန်၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်တို့က ခပ်ဖျော့ဖျော့ပေါ်လာသည်။ သူသည် ရုတ်တရပ် ရယ်ချလိုက်ကာ   “လုလူကြီးမင်း ခင်ဗျား ဘာတွေပြောနေလဲဆိုတာ ငါမသိတော့ဘူး။ ဒီမိန်းမက အန္တရာယ်များတယ်။ စခန်းကလူတွေကို ထိခိုက်အောင်လုပ်တာကနေ ကာကွယ်ဖို့အတွက် ဒီမိန်းမကို ငါ့လက်ထဲကို အပ်လိုက်ကြ!”

ဒီလိုပြောကာ လက်ကိုမြှောက်၍ သူ့နောက်လိုက်များကို လက်ကွေးပြလိုက်သည်။ ထိုအခါ လုထန်ရိတို့ တားထားသည့်လူများသည် ရှန်ယုကျန်းကို သွားဖမ်းဖို့ လုပ်ကြသည်။

ဖြောင်ကောချန်သည် သူတို့ကို လုံးဝကို လျစ်လျူရှုကာ မျက်နှာပြောင်စွာဖြင့် သူတို့အရှေ့တွင် ဒီမိန်းမကို ဖမ်းဖို့လုပ်နေသဖြင့် လုထန်ရိ၏ မျက်နှာသည် မှောင်မည်းသွားသည်။ သူတစ်ခုခုပြောချင်သော်လည်း လက်တစ်ဖက်က သူ့အပေါ်သို့ ရောက်လာကာ သူ့ကိုတားလိုက်သည်။

လှည့်ကြည့်လိုက်သည့်အခါ ရှန်ယုကျန်းသည် သူ့အားကျေးဇူးတင်စွာ ကြည့်ရင်း ခေါင်းခါပြကာ သူ့ကိုကျော်၍ ဖြောင်ကောချန်ထံသို့ သွားသည်။

“အဲ့ဒီကို မသွားနဲ့။ အန္တရာယ်များတယ်!”

“ဘာလုပ်နေတာလဲ?”

လုထန်ရိနှင့် ကောင်းချင်းမင်းတို့ နှစ်ယောက်လုံးသည် ရှန်ယုကျန်းကို အော်၍တားကြသည်။ သို့သော်လည်း သူမ၏ သဘောထားကြောင့် သွား၍တော့ ထပ်မတားကြတော့ပေ။

ပထမဦးစွာ သူတို့သည် သူမ၏ဆုံးဖြတ်ချက်ကို လေးစား၍ ဒုတိယအနေဖြင့် သူမက ဘာလုပ်မှာလဲကို သိချင်ကြသည်။ ထို့ကြောင့် သူတို့သည် အနားကနေ အခြေအနေကို ကြည့်ကာ ကူညီ၍တိုက်ခိုက်ပေးဖို့ အသင့်ပြင်ထားကြသည်။ သူတို့သည် အဆင့်၆ဖြောင်ကောချန်ကို နိုင်အောင်မတိုက်နိုင်ကြသော်လည်း သူ့ကိုအလွယ်လေး ထွက်မပြေးနိုင်အောင်လုပ်ဖို့ စီစဉ်လိုက်ကြသည်။

ဖြောင်ကောချန်သည်လည်း ရှန်ယုကျန်းမှာ ထွက်မပြေးဘဲ သူ့ထံသို့လာနေသဖြင့် အံ့သြနေသည်။ ရှန်ယုကျန်းသည် သူ့ဆီသို့လာသဖြင့် သိချင်စိတ်ကြောင့် သူ့လူများကို သူမအား မတားဖို့ လက်ပြလိုက်သည်။

ရှန်ယုကျန်းသည် သူ့အရှေ့သို့ ရောက်သည့်အခါ သူ့ကိုရပ်ကြည့်နေသည်။ သူမ၏ မျက်လုံးထဲတွင် အလင်းတစ်ချက်ဖြတ်ပြေးသွားသော်လည်း မျက်တောင်မခတ်ဘဲ ဖြောင်ကောချန်ကို စိုက်၍ကြည့်နေသည်။   “နင်ဘာလိုချင်လို့လဲ? နင်ဘယ်လိုလွတ်သွားလဲ ငါမသိပင်မယ့် အိမ်မပြန်ဘြ ငါ့ဆီကို ရူးပြီးလာတာကိုတော့ အံ့သြတယ်။ နင့်ခေါင်းထဲ ဘာတွေကို တွေးနေလဲ ငါသိချင်. . .”  
“ဂါး!”   ဖြောင်ကောချန်၏ စကားပင် မဆုံးသေး။ ရှန်ယုကျန်း၏ မျက်နှာသည် တွန့်လွန်၍ မိုးခြိမ်းသံကဲ့သို့အော်ဟစ်ကာ သူ့အားခုန်အုပ်သည်။

အဆင့်၆စွမ်းအားရှင်ဖြစ်သောကြောင့် ဖြောင်ကောချန်သည် သွက်သွက်လက်လက် လှုပ်ရှားနိုင်သည်။ သို့သော်လည်း သူတို့နှစ်ယောက်ကြားက အကွာအဝေးသည် နီးကပ်နေသဖြင့် ရှန်ယုကျန်း၏ တိုက်ခိုက်မှုကို ချက်ချင်းမရှောင်နိုင်ပေ။ ရှန်ယုကျန်း၏ ပါးစပ်အကျယ်ကြီးကို အလိုလိုလက်ဖြင့် ကာလိုက်ရုံသာ တက်နိုင်တော့သည်။

“ဂါး!”   ရလဒ်အနေဖြင့် ရှန်ယုကျန်းသည် သူ့ထံမှ တွန်းခံလိုက်ရသော်လည်း သူ့လက်မောင်းက အသားကိုတော့ တစ်ကိုက်လောက် ကိုက်ပစ်နိုင်ခဲ့သည်။ သူမသည် မြေကြီးပေါ်သို့ လဲကျသွားကာ ပြန်ထချိန်တွင် သူမ၏ပါးစပ်မှာ သွေးများဖြင့် နီရဲနေလေပြီ။ သူမက အသားကို ကျယ်လောင်စွာ ဝါးစားနေပြီး ပါးစပ်ထဲကနေ အကျီစအပိုင်းကို ထွေးထုတ်ပစ်သည်။

သူမ၏ ခုန်အုပ်ကာ ကိုက်လိုက်၍ လူသားကို စားသွားခြင်းက လူတိုင်းကို ကြောင်အစေသည်။

“ဘာတွေကြည့်နေတာလဲ? ခေါင်းကိုပစ်!”   ဖြောင်ကောချန်သည် နာကျင်စွာဖြင့် အော်ဟစ်သည်။ လက်ကအသားသည် ပဲ့ပါသွားသဖြင့် နာကျင်မှုကြောင့် သူ့မျက်နှာတစ်ခုလုံးသည် တွန့်လိမ်နေကာ အံ့ကိုကြိတ်နေရသည်။

သူ့အသံကိုကြားမှ သူ့လူများသည် ဘာဖြစ်နေသလဲကို သတိပြန်ကပ်ကာ ရှန်ယုကျန်းအား သေနတ်များဖြင့် ပစ်ကြသည်။ မှောင်မည်းနေသည့် ညဉ့်နက်တွင် သေနတ်သံများက ပဲ့တင်သံဖြင့် ထွက်လာလေသည်။

သေနတ်သံကြောင့် အနားက ပတ်ဝန်းကျင်တွင် နေသည့်သူများမှာ အာရုံစိုက်မိသွားကြ၍ အချို့ဆိုလျှင် ပြတင်းပေါက်ကိုဖွင့်ကာ ခေါင်းပြူ၍ ထွက်ကြည့်ကုန်ကြသည်။

“ဂါး!”   သူမအား သေနတ်ဖြင့် ပစ်သည်နှင့် ရှန်ယုကျန်းသည် အနားက ပန်းခြံထဲသို့ အမြန်ပြေးထွက်သွားသည်။ သူမသည် ညဘက်တွင် အစာရှာထွက်လာသည့် တိရိစ္ဆာန်တစ်ကောင်အလား အရမ်းကိုမြန်လွန်းသည်။

“သူ့နောက်ကိုလိုက်! သူ့ကိုမလွတ်စေနဲ့! တကယ့်ဇွန်ဘီဖြစ်နေပြီ! စခန်းထဲမှာ ပတ်ပြေးနေတာမျိုး အဖြစ်မခံကြနဲ့!”   ဖြောင်ကောချန်သည် သူ့လက်က ဒဏ်ရာကိုဖုံးအုပ်ရင်း မခံမရပ်နိုင်စွာ ပြောသည်။ ဒီလိုပြောပြီးနောက် သူ့လက်က ဒဏ်ရာကို ရုတ်တရပ် ပြန်သတိထားမိသွားကာ သူ့မျက်နှာသည် တွန့်လိမ်သွား၍ အမှုအယာမျိုးစုံပြောင်းနေတော့သည်။

ဒီမိန်းမသည် ဇွန်ဘီအဖြစ် ပြောင်းနေနှင့်ပြီဟု သူမတွေးခဲ့မိပေ။ အခုတော့ သူ့ကိုခုန်အုပ်သွားမှ သူမ၏လှုပ်ရှားမှုများနှင့် ဒေါသထွက်နေသည့်မျက်နှာသည် ဇွန်ဘီတစ်ကောင်ဖြင့် တကယ်တူလာတာ ဖြစ်သည်။

ဖြောင်ကောချန်သည် ဒီနေရာသို့ လာသည်မှာ ဟေးဒီးစခန်းက မိန်းမနှစ်ယောက်အကြောင်း သတင်းလာရှာတာ ဖြစ်သည်။ သို့သော်လည်း မမျှော်လင့်ဘဲ ကျိုးရှုဟွေ့၏ လူများနှင့်တွေ့ရုံသာမကာ သူပြန်ပေးဆွဲထားတာ ၂ရက်လောက်ရှိပြီဖြစ်သည့် မိန်းမနှင့်ပါ လာတိုးနေသည်။

ပိုဆိုးသည်မှာ ဒီမိန်းမသည် ဇွန်ဘီအဖြစ်သို့ ဘယ်လိုပြောင်းသွားသလဲ မသိကာ သူ့အားရူးသွပ်စွာ ကိုက်စားသွားသေးသည်။ ထို့ကြောင့် သူ့လက်မောင်းက ဒဏ်ရာတွင် ဇွန်ဘီပိုးရှိနေတော့မည်က အမှန်ပင်။

‘မဟုတ်ဘူး! ငါအခုဆေးရုံသွားမှာပဲ. . .မဟုတ်သေးဘူး သုသေသနဌာနကို သွားဖို့လိုတယ် ဆေးရုံက ောက်သုံးမကျတဲ့ဟာတွေက ဒါကိုဖြေရှင်းနိုင်မှာ မဟုတ်ဘူး သုသေသနဌာနက လူတွေဆီမှာတော့ အဖြေရှိမှာပဲ!’

အခုအချိန်တွင် ဖြောင်ကောချန်သည် သူ့မှာ ဇွန်ဘီပိုးကူးဆက်ခံရသည်ကို သိသွားသဖြင့် ကြောက်လန့်လို့နေပြီ။ သူတွေးမိတာ တစ်ခုတည်းက သူ့ကိုယ်သူ ဇွန်ဘီဖြစ်မသွားအောင် ဘယ်လိုကယ်ရမလဲ ဆိုတာသာ။ သူ့လူများက ထိုမိန်းမကို လိုက်ဖမ်းနေသဖြင့် သူသည် သုသေသနဌာနသို့ အမြန်ပြေးထွက်သွားတော့သည်။

လုထန်ရိ၊ ကောင်းချင်းမင်းနှင့် တခြားသူများသည် ကြောင်အစွာ ကျန်ခဲ့သည်။ သရဲမြင်လိုက်ရသလို လန့်ဖြန့်နေသည့် ဟွမ်ရှို့မှာ   “ဘာတွေဖြစ်ကုန်တာလဲ. . .”

“ဘယ်သူသိမှာလဲ?”   တခြားသူများသည်လည်း သူ့လိုအံ့သြနေကြသည်။ သူတို့သည် စခန်းအတွင်းမှာ ဇွန်ဘီတစ်ကောင်ကို တကယ်ကြီး မြင်လိုက်ရသည်။ ဒီအဓိပ္ပါယ်သည် သူတို့စခန်းထဲသို့ ဇွန်ဘီက ရောက်လာသည်ဖြစ်သောကြောင့် စခန်းသည် မလုံခြုံတော့ပေ။

“သူ. . .ဘာဖြစ်လို့ ငါတို့ကို မတိုက်တာလဲ? ငါ့အထင် ဟိုကောင်ကိုပဲ ပစ်မှတ်ထားနေတာ”   လုထန်ရိသည် သူ့ဟာသူပြောသည်။ သူ့စကားက တခြားသူများကို ရပ်တန့်သွားစေသည်။

“လက်စားချေဖို့လာတာမလို့။ အပြစ်မရှိတဲ့သူတွေကို ထိခိုက်အောင် မလုပ်ပါဘူး”   အက်ကွဲသည့်အသံတစ်သံက အနားကနေ ထွက်လာသည်။

လုထန်ရိတို့အားလုံးသည် အစကကြောင်အသွားသော်လည်း အသံလာရာကို လှည့်ကြည့်၍ ဓာတ်မီးဖြင့် ထိုးကြည့်ကြသည်။ ထို့နောက် အရမ်းကို သံသယဝင်စရာကောင်းသည့် နေကာမျက်မှန်ကြီးကိုတပ်၍ ဘေ့စ်ဘောဦးထုပ်ဖြင့် အမျိုးသမီးကို သူတို့မြင်လိုက်ရသည်။ သူမ၏ နှုတ်ခမ်းထောင့်များသည် ပြုံးနေသလို ကွေးညွတ်လို့နေသည်။

“ဟမ်? ဒါမင်းအမပဲ”   သူမကို မြင်သည့်အခါ ကောင်းချင်းမင်းသည် လုထန်ရိအား အံ့သြစွာ လှည့်ပြောသည်။  
Previous Chapter 341 of 410 Next