၂၈၀။ နင့်ကိုစကားပြောမှ
ချူလီလီသည် ဝတ်ဖို့ အဝေးသို့ ထွက်သွားသည်နှင့် လင်းချင်းသည် ကန်ကိုကြည့်ကာ အော်သည်။ “နွယ်လေး ထွက်လာခဲ့။ ငါနင်နဲ့ စကားပြောမှ”
သူမခေါ်သည့်အခါ ကျောက်စိမ်းဖြူရောင်နွယ်ပင်များသည် ကန်ထဲကနေ ထွက်လာက လင်းချင်း၏ခါးကို ရစ်ပတ်လိုက်သည်။ လင်းချင်းသည် ထိုင်ချလိုက်ကာ “ငါနင့်ကို မေးစရာရှိတယ်။ ငါအဆင့်မြင့်တုန်းက ငါ့ဆံပင်တွေအကုန် ကျွတ်ကျသွားပြီးတော့ ဘာဖြစ်လို့ သူ့ကျတော့ ပိုတောင်ရှည်လာသေးတာလဲ?” လင်းချင်းသည် ချူးလီလီ၏ နက်မှောင်တောက်ပကာ ရှည်လျားသည့် ဆံနွယ်များကို တစ်ချက်ကြည့်လိုက်ပြီး နွယ်လေးကို လှည့်ကြည့်လိုက်သည်။
‘ဟင်? နွယ်လေးလည်း မသိဘူး။ နွယ်လေးလုပ်နိုင်တာ မဟုတ်ဘူး။ ဖြစ်နိုင်တာက မေမေလည်း သူ့အဆင့်ရောက်ရင် ဆံပင်တွေ ရှည်လာမှာပါ’
“အဆင့်လား?” လင်းချင်းက မေးသည်။ “အဆင့်နဲ့ဆိုင်တယ်ပေါ့? အဆင့်၇ရောက်တာနဲ့ ဘယ်ဇွန်ဘီကမှ ဆံပင်တွေ ရူးလောက်အောင် ရှည်မလာဘူးမလား?”
‘တခြားသူတွေလည်း ဒီလိုပဲလားဆိုတာတော့ နွယ်လေးမသိဘူး။ ဖြစ်နိုင်တာက မမလီလီပဲ ဆံပင်ရှည်လာတာလား? မေမေ့လိုပဲ တခြားသူတွေလည်း ဆံပင်ကျွတ်တာ ဖြစ်မလားပဲ?’
လင်းချင်းသည် ခေါင်းကိုခါကာ “နင်တွေးကြည့်။ ကျွင်းကျွင်းက ဆံပင်မကျွတ်ဘူး။ တခြားဘယ်သူမှလည်း ငါ့လိုကတုံးကြီး မဖြစ်ဘူးမလား?”
နွယ်လေးသည် အသည်းအသန်တွေးနေသလိုမျိုး ခနတွေးပြီးမှ ပြောသည်။ ‘ဒါပင်မယ့် မေမေ့ကိုယ်က အရမ်းဆိုးဆိုးဝါးဝါးပျက်နေတာ။ ခန္ဓာကိုယ်ကို ပြန်ကောင်းဖို့အတွက် အကုန်ပြန်ပြင်မှရမှာ’
လင်းချင်းသည် ခနတွေဝေသွားပြီးနောက် အံ့သြကာ “ဘာ? အကုန်ပြန်မပြင်ရသေးဘူးလား? ဒါပင်မယ့် ငါစကားပြောနိုင်နေပြီမလား?”
‘လည်ချောင်းကို ပြင်ပေးလိုက်လို့ဖြစ်မယ်’ နွယ်လေးက ပြောသည်။ ‘မေမေရဲ့ လည်ချောင်းက မပျက်စီးဘူးလေ’
လင်းချင်းသည် ခေါင်းငြိမ့်ကာ “ဒီလိုလား? ထားပါတော့”
“မေမေ မေမေ” နွယ်လေးသည် နောင်တရနေသလိုဖြင့် “မမလီလီကို အဆင့်မြင့်အောင် စွမ်းအားတွေအကုန်သုံးပြီး ကူညီလိုက်တယ်။ မေမေကို အခုအဆင့်မြင့်မပေးနိုင်တော့ဘူး”
လင်းချင်းသည် ဂရုမထားစွာ ခေါင်းခါလိုက်ကာ “ရပါတယ်။ အမြူတေတွေ ထပ်ရှာပေးမယ်။ နင်ပင်ပန်းနေပြီမလား? သွားနားတော့လေ”
နွယ်လေးသည် အနည်းငယ်အားနည်းနေကြောင်းကို သူမခံစားမိသည်။
“ဟုတ်ကဲ့” နွယ်လေးသည် နာခံစွာပြောကာ လင်းချင်း၏ခါးကို ဖြေလိုက်၍ ကန်ထဲသို့ ပြန်ဆင်းသွားသည်။
လင်းချင်းသည် ကန်ကိုကြည့်လိုက်သည်။ ကန်ရေထဲတွင် စွမ်းအားပါဝင်မှုသည် သိပ်သည်းလာကာ အရင်ကထက်ပိုမြင့်လာတာဖြစ်သည်။ လင်းချင်းသည် ဒီစွမ်းအားများကို နွယ်လေးက စစ်ပေးထားကြောင်း ခန့်မှန်းမိသည်။
ချူးလီလီကို လှည့်ကြည့်သည့်အခါ သူမ၏မီးအစွမ်းဖြင့် ဆံပင်ကို အခြောက်ခံနေကြောင်း တွေ့လိုက်ရကာ ဆံပင်အရှည်ကြီးဖြင့် အလုပ်ရှုပ်နေရှာသည်။ ဆံပင်သည် အရမ်းရှည်လွန်းသဖြင့် သူမသည် ကျင့်သားမရသေးပေ။ အခုတော့ ဆံပင်ကို ဘယ်လိုစီးနှောင်ထားရမလဲကို မသိဖြစ်နေသည်။ ဆံပင်သည် ဒီလောက်ရှည်နေလေရာ ကျစ်စာမြီးကျစ်ဖို့ဆိုသည်မှာ လွယ်သည့်ကိစ္စမဟုတ်တော့ပေ။
လင်းချင်းသည်လည်း ဆံပင်ကို မလုပ်ပေးတက်သဖြင့် ချူးလီလီအား လက်ဖြန့်သာပြလိုက်ရကာ
“ကျွင်းကျွင်းကို အကူအညီတောင်းကြည့်ပါလား? ဒီလောက်ဆံပင်အရှည်ကြီးကို ဘယ်လိုချည်ရမလဲ ငါလည်းမသိဘူး”
ချူးလီလီသည် ခနငြိမ်သွားကာ သူမအား ကူကယ်ရာမဲ့စွာကြည့်ပြီး နှုတ်ခမ်းဆူကာ “ဘာဖြစ်လို့ ဒီလောက်ရှည်နေရတာလဲ? မကြီးဆံပင်ကျ ကျွတ်ကျသွားပြီးတော့ ညီမလေးမှ နှစ်ဆလောက် ရှည်ထွက်သွားရတာလဲ?”
လင်းချင်းသည် ချူးလီလီ၏အသံမှာ သူမအသံလို ခြောက်ကပ်ကာ နားဝင်မသာသည့် အသံမျိုးမဟုတ်ဘဲ ချောမွေ့နေကာ ချိုချိုသာသာလေး ဖြစ်နေသည်ကို သတိထားမိသည်။ ‘တကယ်ပဲ သူကအဆင့်ပိုမြင့်နေတာမလို့လား?’
လင်းချင်းသည် ချူးလီလီ၏လက်ကိုကိုင်ကာ နယ်မြေထဲကနေ ထွက်လာသည်။ လျူကျွင်း၊ ရှဲ့တုန်းနှင့် မုံမုံတို့သည် သူမတို့ ထွက်လာမှာကို စောင့်နေကြတာ ဖြစ်သည်။ ချူးလီလီ ထွက်လာသည်နှင့် လှေကားအမိုးပေါ်က မုံမုံသည် ပြတင်းပေါက်ဘောင်ကနေ လျူကျွင်း၏ အခန်းထဲသို့ ဝင်လာသည်။
“ဂါး?”
‘လီလီ?’
ချူးလီလီသည် ဆံပင်ဖားယားကြီးဖြင့် ဖြစ်နေသောကြောင့် မုံမုံသည် မသေချာစွာဖြင့် နာမည်ခေါ်ကြည့်တာဖြစ်သည်။
လျူကျွင်းကတော့ ချူးလီလီ၏ ရေတံခွန်လိုမျိုး နူးညံ့ချောမွေ့ကာ ကြမ်းပြင်ထိနေသည့် ဆံပင်ရှည်ဖြောင့်လေးများကို ကြည့်ရင်း မျက်လုံးများ တောက်ပနေသည်။ “ဝါး!!! နင့်ဆံပင်တွေက လှလိုက်တာ!”
လျူကျွင်း၏ မျက်လုံးတောက်တောက်များကို မြင်သည့်အခါ လင်းချင်းသည် မရယ်ဘဲ မနေနိုင်ပေ။ လျူကျွင်းသည် အရုပ်လှလှလေးတွေ့လိုက်ရသည့် ကလေးတစ်ယောက်လိုမျိုး ဖြစ်နေတာ ဖြစ်သည်။
“ဟုတ်တယ်။ ရှည်လာတာ။ အရမ်းရှည်လွန်းတာပဲ။ တိုအောင်ညှပ်လို့ရမလား?” ချူးလီလီသည် ချိုသာကာ ရှင်းလင်းသည့်အသံဖြင့် ဖြေသည်။ သူမသည် ဆံပင်တိုအောင် ညှပ်ချင်သော်လည်း လျူကျွင်း၏ အကြည့်များကို မြင်သည့်အခါ တစ်ဖက်သား၏ ခွင့်ပြုချက်မရဘဲ ညှပ်လိုက်ခြင်းက မကောင်းသလိုမျိုး ခံစားလိုက်ရသည်။
“မရဘူး!!!” ထင်သလိုပင် လျူကျွင်းသည် ထအော်ကာ အနားသို့ပြေးလာပြီး သူမ၏ဆံပင်များကို ကိုင်ကြည့်သည်။ ဆံပင်ကိုကိုင်ကြည့်ရင်း “ဒီလောက်လှတဲ့ ဆံပင်တွေကို ညှပ်ပစ်ရမှာက နှမြောစရာကြီ! မညှပ်နဲ့။ ငါစီးပေးမယ်။ ဘယ်လိုပုံစံမျိုးကြိုက်လဲသာပြော”
ရှဲ့တုန်းသည် လင်းချင်းကို နားမလည်စွာ ကြည့်နေသဖြင့် လင်းချင်းမှာ သူ့အား လက်ဖြန့်ပြလိုက်ရသည်။ တစ်ခါတစ်လေတော့လည်း မိန်းကလေးများ၏ ဆံပင်ကို နှစ်သက်မြတ်နိုးခြင်းက ယောက်ျားတွေက နားမလည်နိုင်ပေ။
ချူးလီလီ၏ ဆံပင်ရှည်များကို မြင်သည်နှင့် လျူကျွင်းသည် ချူးလီလီထံမှ ထွက်နေသည့် အဆင့်၇အရှိန်အဝါကို လျစ်လျူရှုလိုက်သည်။ ချူးလီလီက တမင်ကို သူမ၏အရှိန်အဝါကို ထိန်းပေးထားပင်မယ့်လည်း အဆင့်မြင့်သူထံမှ အရှိန်အဝါသည် အနားသို့ကပ်နေသည့် လျူကျွင်းအတွက် ပြင်းဆဲပင်။
ဘေးတွင်ကြည့်နေသည့် မုံမုံသည် ချူးလီလီဖြစ်ကြောင်း အတည်ပြုပြီးသွားသည်နှင့် ပြတင်းပေါက်ဘောင်ပေါ် တက်ထိုင်ကာ ခြေထောက်ကိုလှုပ်နေသည်။ ချူးလီလီသည် သူမထက် ပိုသန်မာလာပြီ။ သူမသည် အရင်က မနိုင်ရုံသာဖြစ်သော်လည်း အခုတော့ အခွင့်ရေးသေးသေးလေးတောင် သူမအတွက် မရှိတော့ပေ။ အခုဆိုလျှင် ချူးလီလီက တစ်ချက်ရိုက်ရုံဖြင့် သူမသည် လွှင့်ထွက်သွားနိုင်သည်။
‘လီလီက ဘာဖြစ်လို့ ဒီလောက်သန်သွားရတာလဲ? ဟိုအမကြီးကြောင့်လား? သူကရော လီလီလိုပဲ သန်မာလာမှာလား?’
မုံမုံသည် လီလီကိုတစ်ချက်ကြည့်ပြီးနောက် လင်းချင်းကို ကြည့်သည်။
လင်းချင်းက ချူးလီလီအား အဆင့်မြင့်အောင် တစ်ခုခုလုပ်ပေးလိုက်တာ ဖြစ်ကြောင်း သူမခံစားမိနေသည်။ သူတို့နှစ်ယောက်သည် အတူပျောက်သွားပြီးနောက် အခုအတူပြန်ပေါ်လာတာ ဖြစ်သည်။ သူတို့အခုပြန်ထွက်လာသည့်အခါ လီလီသည် အရင်ကထက် ပိုသန်မာနေသည်။ သို့သော်လည်း ဒါကို သူမသည် သိပ်မတွေးလိုက်ရဘဲ ကုတင်ပေါ်တွင် အိပ်နေသည့် တုံတုံကြောင့် အာရုံပြောင်းသွားတော့သည်။
ချူးလီလီက လျူကျွင်းအား အခက်တွေ့နေသည့် မျက်နှာလေးဖြင့် “အရင်ကလို ထားချင်တာ။ ဒါပင်မယ့် အခုအရမ်းရှည်သွားပြီ!”
လျူကျွင်းသည် သူမအား ခုံတွင်ထိုင်စေကာ ဘီးနှင့်ကလစ်များကို ထုတ်လာပေးကာ “ငါလုပ်ပြတာကိုကြည့်။ ငါသင်ပေးပါ့မယ်”
လင်းချင်းသည် တရေးအိပ်နေသည့် တုံတုံကိုတစ်ချက်ကြည့်ကာ မျက်လုံးတလက်လက်ဖြင့် ငေးနေသည့် မုံမုံအား “ဒါတုံတုံတဲ့။ အရင်က နင်လုပ်သလိုမျိုး ခွင့်ပြုချက်မရဘဲ ခေါ်ပြေးလို့ မရဘူး။ ပြီးတော့လည်း သူ့ကိုထိခိုက်အောင် မလုပ်ရဘူး။ နားလည်လား?” မုံမုံထံတွင် ယုတ်မာစိတ် မရှိကြောင်းကို လင်းချင်းက ခံစားမိသော်လည်း မတော်တဆဖြင့် ထိခိုက်အောင် လုပ်မိမှာကို လင်းချင်းက စိုးရိမ်တာ ဖြစ်သည်။
ထိုအချိန်တွင် ချူးလီလီသည် မုံမုံအား လှည့်အော်သည်။ “နင်တုံတုံကို ထိခိုက်အောင် လုပ်လို့ကတော့ ငါနင့်ကိုသတ်မှာ!”
မုံမုံသည် တုံ့သွားကာ ချူးလီလီကို ကြည့်ရင်း ခေါင်းကို အမြန်ခါပြရှာသည်။
လင်းချင်းသည် သူတို့နှစ်ယောက်အား ပြုံး၍ကြည့်သည်။ ချူးလီလီသည် မုံမုံအတွက် မယှဉ်နိုင်သည့် ပြိုင်ဘက်ကြီးပင်။ လီလီသာ ဒီမှာရှိနေသ၍ မုံမုံသည် ထင်ရာရိုင်းနိုင်မှာကို မဟုတ်တော့ပေ။ လင်းချင်းသည် ချူးလီလီကိုကြည့်ကာ သူမတွင် လူသားဆန်သည့် စရိုက်များရှိနေသေး၍ ကြင်နာတက်သည့်စိတ်ထားလေး ရှိနေသည်မှာ ကံအလွန်ကောင်းသည်ဟု ခံစားရသ်။ သူမသည် အခုဆိုလျှင် အရမ်းကို အစွမ်းကြီးနေပြီ။ သူမသာ မကောင်းသည့်လမ်းကို လျှောက်လိုက်ပါက တကယ့်ကို ကပ်ဘေးသင့်နိုင်သည်။
ဒီကမ္ဘာကြီးတွင် တခြားအုပ်ချုပ်သည့်ဇွန်ဘီများရှိနေမလား တွေးမိသည်။ ဇွန်ဘီအများကြီး ရှိနေလေရာ ဇွန်ဘီဘုရင်နှင့် ဘုရင်မတို့သည် ဒုတိယအဆင့်ဖြစ်သည့် အုပ်ချုပ်သူများ ဖြစ်သွားဖို့က ဖြစ်နိုင်သည်။ ရှိနေတာ ဖြစ်နိုင်သော်လည်း ဘယ်သူကမှ မကြုံဖူးသေးပေ။ လင်းချင်းသည် အုပ်ချုပ်သူဇွန်ဘီများ ဒီကမ္ဘာတွင်ရှိနေမည်ဟု ယုံကြသည်။ သို့သော်လည်း ချူးလီလီအပြင် တခြားအကောင်များကို သူမက မတွေ့ချင်ပေ။