May Honey Logo May Honey
Previous Next

၂၉၀။ ပင်လယ်မြို့တော်စခန်းကို သွားကြမယ်

လင်းချင်းသည် သူမ၏ကတုံးကို လက်လေးမြှောက်ကာ လာပွတ်နေသည့် တုံတုံအား ငုံ့ကြည့်ကာ   “ပျော်ဖို့ကောင်းလား?”

တုံတုံသည် လင်းချင်း၏ ခြောက်ကပ်ကာ နားဝင်မချိုသည့် အသံဖြင့် အသားကျနေပြီ။ သူမမေးခွန်းကြောင့် တုံ့သွားသော်လည်း ကတုံးပေါ်က လက်များကိုတော့ ဖယ်မပေးသေးပေ။

“ဟုတ်ကဲ့”   ပြန်ဖြေရင်းဖြင့် လင်းချင်းဘေးတွင် ရပ်နေသည့် ချူးလီလီ၏ ကျနေသည့် ကျစ်စာမြီးနှစ်ချောင်းကို လှမ်းကြည့်သည်။ ထိုဆံပင်နက်နက်များကို သူဆွဲချင်သော်လည်း ချူးလီလီက သူ့ကိုလုံးဝကို အကိုင်မခံ၍ ဖြစ်သည်။

လျူကျွင်းသည် တုံတုံ၏ပစ္စည်းများကို အိတ်တစ်လုံးထဲတွင် စုထည့်၍လွယ်ပြီးမှ လင်းချင်းချီပေးထားသည့် တုံတုံကို ပြန်ခေါ်သည်။

“သွားကြမယ်”   လင်းချင်းသည် သူမ၏အိတ်နှင့်အတူ လျူကျွင်းနှင့် တုံတုံကို နယ်မြေထဲသို့ ပို့လိုက်သည်။ ထို့နောက် ရှဲ့တုန်းနှင့်အတူ အခန်းထဲမှ ထွက်လာကြသည်။

ဇွန်ဘီအဖွဲ့တွင် သယ်စရာက သိပ်မများကြပေ။ တုံတုံတွင်သာ အနည်းငယ်ရှိသည်ဖြစ်၍ အများစုကို လင်းချင်း၏ နယ်မြေထဲတွင် ဇွန်ဘီအဖွဲ့က ထည့်သိမ်းထားကြတာ ဖြစ်သည်။

အခန်းထဲက ထွက်လာသည့်နောက် လင်းချင်းသည် အခြားသူများကို သူမ မပါဘဲ အရင်သွားနှင့်ဖို့ ပြောလိုက်သည်။ လင်းချင်းသည် လင်းဖန်နှင့် အခြားသူများအတွက် ယန်ကျင်းဟွာ၏ယာဉ်များထဲမှ တစ်စီးထုတ်ပေးလိုက်သည်။ ထို့နောက် အမိုးပေါ်သို့တက်ကာ ဇွန်ဘီခေါင်းဆောင် ငါးကောင်ကို ခေါ်လိုက်သည်။

“ဒီကြိုးကို အတူကိုင်ထားကြ”   လင်းချင်းသည် ကြိုးရှည်တစ်ချောင်းကို ဇွန်ဘီငါးကောင်အား ကိုင်စေလျှက် နယ်မြေထဲသို့ သွင်းလိုက်သည်။

လက်ရှိတွင် သူမ၏နယ်မြေထဲ၌ နောက်ထပ်နယ်မြေလေးတစ်ခုက သူမထင်သလိုပင် ရှိနေပြီ။ ဒုတိယနယ်မြေလေးသည် ပထမတစ်ခုထက် သုံးဆလောက် ပိုကြီးသည်။

လင်းချင်းသတ်ခဲ့သည့် နေရာလွတ်စွမ်းအားရှင် ပထမတစ်ယောက်သည် အဆင့်သုံးပဲ ရှိသေးသဖြင့် သူ့နယ်မြေသည် အခန်းလေးတစ်ခုစာလောက်ပင်။ သူ့လိုမဟုတ်သည့် ကတုံးဓားပြ၏ နယ်မြေကတော့ စတုရန်းမီတာနှစ်ရာလောက် ကြီးသည်။

နယ်မြေထဲသို့ ဝင်လာသည်နှင့် လင်းချင်းသည် ဇွန်ဘီနံပတ်၁နှင့်၂ကို သူတို့ရေပုံးကိုယ်စီ သူတို့ဟာသူတို့ဖြည့်၍ ဝင်စိမ်နေရန် မှာလိုက်သည်။ ထို့နောက် သူမသည် ဒုတိယနယ်မြေလေး၏ အရှေ့တွင် ဇွန်ဘီခေါင်းဆောင်ငါးကောင်ဖြင့် ရပ်နေသည်။

သူမသည် အထဲကို လက်ညိုးထိုးပြကာ   “အထဲကိုဝင်နေ။ အပြင်ကိုထွက်မလာနဲ့။ ကန်နားကိုလည်း ဘယ်တော့မှ မသွားနဲ့။ သွားမယ်ဆိုရင် အန္တရာယ်တွေ့လိမ့်မယ်။ ငါလာပြီး ကူညီပေးမှာ မဟုတ်ဘူး”   ဒီလိုပြောရင်း ကန်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

သို့သော်လည်း သူမ၏ သတိပေးချက်က မလိုပေ။ ဇွန်ဘီခေါင်းဆောင် ငါးကောင်သည် ဒုတိယနယ်မြေလေးထဲသို့ သွားနေကြနှင့်ပြီ။ သူတို့သည် ကန်အား ကြောက်ရွံ့စွာဖြင့် လှမ်းကြည့်နေကြသည်။ အဘိုးဆိုလျှင် အခြားဇွန်ဘီများ၏ နောက်သို့ပိုဆုတ်နေကာ ကြည့်နေတာ ဖြစ်သည်။ 

သူတို့သည် နယ်မြေထဲသို့ ရောက်တည်းက ချူးလီလီထက် ပိုကြောက်ဖို့ကောင်းသည့် အရှိန်အဝါကို ခံစားမိကြတာ ဖြစ်သည်။ ချူးလီလီသည် သူမ၏ အရှိန်အဝါကို ထိန်းထားပေးတက်သော်လည်း နွယ်လေးကတော့ ဘယ်တုန်းကမှ ဒီလိုထိန်းထားတာမျိုး လုံးဝကို မရှိပေ။

ဇွန်ဘီခေါင်းဆောင် ငါးကောင်၏ သန်မာသည့် အရှိန်အဝါကို ရသည်နှင့် နွယ်လေးသည် ကန်ရေမျက်နှာပြင်ပေါ်သို့ နွယ်များထွက်လာစေသည်။ နွယ်များကို မြင်သည်နှင့် ဇွန်ဘီခေါင်းဆောင်ငါးကောင် နယ်မြေလေးထဲသို့ ချက်ချင်းကို အပြေးအလွှားဝင်ပုန်းကာ ခေါင်းများပြူထွက်၍ လှမ်းကဲကြည့်နေကြသည်။

လင်းချင်းသည် ကြောက်နေသည့် ခွေးပေါက်လေးများလို ဖြစ်နေကြသည့် ဇွန်ဘီခေါင်းဆောင်များကို ကြည့်ကာ ရယ်ချင်သွားသည်။ ထို့နောက် နွယ်လေးကို လှည့်ကြည့်၍
“နွယ်လေး. . .တော်တော့။ အသစ်တွေကို ဒီလောက်ပဲကြည့်။ မခြောက်ရဘူး!”

သူမ၏စကားကြောင့် နွယ်လေးသည် ကန်ထဲသို့ နွယ်များကို ပြန်သိမ်းသွားသလို အရှိန်အဝါကိုလည်း ထိန်းပေးထားသည်။ ထိုအခါမှ ဇွန်ဘီခေါင်းဆောင်များသည် အနည်းငယ်စိတ်ငြိမ်ရာရတော့သည်။

လင်းချင်းသည် လျူကျွင်းတို့ကို တစ်ချက်လှမ်းကြည့်သည့်အခါ တုံတုံကို ကုတင်ပေါ်ထား၍ နယ်မြေလေးထဲတွင် ပစ္စည်းများစီစီရီရီ ချနေသည်ကို တွေ့ရသည်။ နယ်မြေလေးထဲကို သန့်ရှင်းရေးလုပ်ပြီးသည့်နောက် သူမသည် စတော်ဘယ်ရီခင်းနှင့် ဟင်းရွက်ခင်းကို သန့်ရှင်းရေး လာလုပ်ပေးမှာ ဖြစ်လောက်မည်။

လင်းချင်းသည် နယ်မြေလေးထဲက ထွက်လာသည်နှင့် လင်းဖန်တို့သွားရာဘက်သို့ ဓာတ်တိုင်များ၊ သစ်ပင်များ၊ အဆောက်အဦးများနှင့် မြင့်သည့်အရာများပေါ်တွင် ကူးသန်းရင်းဖြင့် လိုက်လာသည်။ 

သူမသည် ကားအမိုးပေါ်သို့ ရောက်သည့်အခါ သဏ္ဍာန်နှစ်ခုက ရှိနှင့်နေပြီ။ ချူးလီလီသည် ကားအရှေ့ကို မျက်နှာမူထိုင်ကာ လေနှင့်အတူ သူမ၏ကျစ်စာမြီးရှည်နှစ်ခုက မြောလွင့်နေသည်။ သူမ၏ဘေးတွင် လုံချင်းယင်သည်လည်း တင်ပလ္လင်ခွေထိုင်နေကာ သူမ၏အမြင့်စီးထားသည့် ဆံပင်ရှည်များက လွင့်နေသည်။

လင်းချင်းသည် သူတို့နှစ်ယောက်ကြားတွင် ရပ်လိုက်သည်။ ထို့နောက် ဘေးကိုကြည့်ကာ လုံချင်းယင်လိုပဲ တင်ပလ္လင်ခွေကာ ဝင်ထိုင်လိုက်သည်။ ဒီလိုဖြင့် အမျိုးသမီးသုံးယောက်သည် သံချပ်ကာကား၏ အမိုးပေါ်တွင် ထိုင်နေကြလေသည်။ 

လင်းချင်းသည် နေကာမျက်မှန်ကို ပြန်ထုတ်တပ်လိုက်သည်။ လင်းချင်းနှင့် ချူးလီလီတို့သည် အရှိန်အဝါကိုထိန်းထားသော်လည်း သူတို့၏ ဖိအားများကြောင့် သာမန်ဇွန်ဘီများသည် သံချပ်ကာကားအနီးသို့ မလာနိုင်ကြပေ။

ကားသည် လမ်းပေါ်က အပျက်အစီများကို ရှောင်ရှားကာ မောင်းနေသော်လည်း ငါးမိုင်လောက်တွင် ရပ်လိုက်ရသည်။ လူ၂၀လောက်သည် ကားလမ်းကို ပိတ်ထားကြတာ ဖြစ်သည်။

လင်းချင်းသည် သူတို့ကိုကြည့်ကာ မအံ့သြပေ။ သူတို့သည် ဓားပြများနောက်သို့ လိုက်လာသည့်လူစုပင်။ အခုအချိန်တွင် ဓားစားခံသုံးယောက်သည် သူတို့နှင့်အတူ ရှိနေကြသည်။

လီကျန်းသည်ကားမောင်းနေကာ လဲ့ယောင်သည် ရှေ့ခုံတွင် ထိုင်နေတာ ဖြစ်သည်။ ကားရပ်လိုက်သည့်အခါ လင်းဖန်နှင့် လီကျန်းတို့သာ ကားထဲက ထွက်လာသည်။ သူတို့သည် အရှေ့ကလူစုကို ကြည့်ကာ ဘာမှမပြောပေ။

ထိုအဖွဲ့ထဲမှ အဆင့်အမြင့်ဆုံးမှာ အဆင့်၆နှစ်ယောက်သာ။ သို့သော်လည်း ဘယ်သူကမှ အခြေအနေ သိပ်မကောင်းလှပေ။ သူတို့သည် အခက်အခဲကြုံနေပုံရသည်။ လင်းချင်းတွေ့ခဲ့သည့် လှပသည့်ကောင်မလေးက လွဲ၍ ထိုအဖွဲ့ထဲမှ ကျန်သည့် ကောင်မလေးများသည် သာမန်ရုပ်များပင်။ သို့သော်လည်း အကုန်လုံးသည် ငယ်ရွယ်ကာ ကိုယ်လုံးကိုယ်ပေါက်လှကြသည်။

အဆင့်၆နှစ်ယောက်သည် ထွက်လာကာ လင်းဖန်တို့နှင့် ၆မီတာအကွာတွင်ရပ်သည်။ သူတို့နှစ်ယောက်လုံးမှာ ခေါင်းဆောင်များ ဖြစ်ပုံရပြီး တစ်ယောက်က
“ငါတို့ထိခိုက်အောင်လုပ်ဖို့ မရည်ရွယ်လို့ မစိုးရိမ်ပါနဲ့။ ငါတို့က အလဲအလှယ်လုပ်ချင်ရုံတင်ပါ။ စိတ်ဝင်စားမလားတော့ မသိဘူး”

“ငါ့နာမည်က ချန်ယုတင်းပါ။ ဖန်ထင်းအမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင်”   နှစ်ယောက်အနက်မှ အသက်သုံးဆယ်ကျော်အရွယ်ရှိသည့်သူက အရင်မိတ်ဆက်သည်။ ထို့နောက် သူ့ဘေးကသူကို လက်ညိုးထိုးပြကာ   “ဒါကတော့ ငါတို့အဖွဲ့ရဲ့ နောက်ခေါင်းဆောင် လုချန်းဖန်”

လင်းဖန်သည် သူတို့ကို အမှုအယာမဲ့စွာကြည့်ပြီး မေးသည်။   “ဘာကိုလဲချင်တာလဲ?”

“လက်နက်နဲ့အစာ”   ချန်ယုတင်းက ပြောသည်။   “ငါတို့မှာ အဆင့်လေးနဲ့ အဆင်ငါးဇွန်ဘီ အများကြီးနဲ့ ရေရှိတယ်”

သူတို့သည် ဟန်ကျိုးမြို့သို့ ဇွန်ဘီအမဲလိုက်ထွက်ဖို့ မရည်ရွယ်ခဲ့ပေ။ ဓားပြများဖြင့်တိုးသွားကာ သူတို့၏ အရေးကြီးအသင်းဖော်များကို ပြန်ပေးဆွဲသွားသဖြင့် သူတို့သည် ဒီနေရာအထိ လိုက်လာရတာ ဖြစ်သည်။ သူတို့လက်နက် ၉၀ရာခိုင်နှုန်းသည် ကုန်သွားကာ အစာများသည်လည်း ကုန်တော့မည်။

“ငါတို့က ရေနဲ့ဇွန်ဘီအမြူတေ မလိုသလို ငါတို့မှာ လက်နက်လည်းမရှိဘူး”   လင်းဖန်က သူတို့ကို တည်ငြိမ်စွာငြင်းသည်။

ထိုအခါ ချန်ယုတင်းနှင့် လုချန်းဖန်တို့သည် အနည်းငယ်တုံ့သွားကာ အချင်းချင်း အံ့သြစွာကြည့်ကြသည်။ ထို့နောက် လင်းဖန်ကို လှည့်ကြည့်သည်။ လင်းဖန်သည် သူတို့တွင်ရေရှိကြောင်း ပြောသော်လည်း အလဲအလှယ်မဟုတ်သ၍ အံ့သြနေတာ ဖြစသ်ည။ အစာ၊ ရေနှင့် လက်နက်တို့သည် အရေးကြီးဆုံး ရိက္ခာများဖြစ်သည်။ အထူးသဖြင့် ရေသည်အရှားဆုံးဖြစ်ကာ မရှိလျှင် မြန်မြန်သေနိုင်သည်။

“မင်း. . .မင်းတို့ရေမလိုဘူးလား?”   လုချန်းဖန်နှင့် ချန်ယုတင်းတို့နောက်က လူငယ်တစ်ယောက်သည် အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် မေးသည်။  
Previous Chapter 290 of 410 Next