၂၅၂။ ကပ္ပတိန် တစ်ခုခုကတော့ လွဲနေပြီ
လင်းချင်းသည် တိုက်ခန်းထဲသို့ ခိုးဝင်ပြီးနောက် ဧည့်ခန်းအထဲကလူများကို ကြည့်လိုက်သည်။ ဧည့်ခန်းထဲတွင် လူအချို့ရှိနေသော်လည်း လူနှစ်စု ကွဲနေသည်။ ယန်ကျင်းဟွာကတော့ ဒီနေရာတွင် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဒီဧည့်ခန်းထဲက ပြတင်းပေါက်သည် လင်းဖန်တို့ ဟိုတယ်ကို လှမ်းမမြင်ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အိပ်ခန်းတစ်ခုခုတွင် ဖြစ်လောက်မည်။
လင်းချင်းသည် အိပ်ခန်းဘက်သို့လှည့်ကာ ခြေလှမ်းအချို့ တိုးသွားသည်။ ယန်ကျင်းဟွာသည် ပြတင်းပေါက်ရှေ့တွင် တယ်လီစကုပ်ဖြင့် ဟိုတယ်ကို အသေအချာကို စူးစမ်းနေတာကို တွေ့လိုက်ရသည်။
လင်းချင်းသည် ဧည့်ခန်းထဲက လူနှစ်စုကို ကြည့်လိုက်သည်။ တစ်စုသည် ယန်ကျင်းဟွာ၏လူများဖြစ်ကာ နောက်တစ်စုကတော့ ကြမ်းပြင်ပေါ်တွင် ကြိုးတုပ်ခံ၍ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ လူငါးယောက်သည် ထောင့်တစ်ခုတွင် ခြေလက်များကို ကြိုးတုပ်ခံထားရ၍ နံရံကိုမှကာ ထိုင်နေသည်။ သူတို့ဘေးပတ်လည်တွင် သူတို့အား သေနတ်ဖြင့် ချိန်ထားသည့် စစ်သား၇ယောက် ၈ယောက်ရှိသည်။
လင်းချင်းသည် ဒီကြိုးတုပ်ခံရသည့်လူ အနံ့များကို တစ်နေရာရာတွင် တွေ့ဖူးသိသည့်အလား ရင်းနှီးနေသည်။ အစက အပြင်ကနေ အနံ့မရသလို ယန်ကျင်းဟွာတို့ လူများ၏ အနံ့နှင့် ရောနေသောကြောင့် ဖြစ်သည်။ အခုတော့ အခန်းထဲကို သူမရောက်သည့်အခါ အနံ့များကို တစ်နည်းနည်းဖြင့် ရင်းနှီးနေသည်။
ဒီလူများကို ကြိုးဖြင့်တုပ်ခံထားရလေရာ သူတို့သည် ယန်ကျင်းဟွာဖြင့် အဆင်မပြေသူများ ဖြစ်လိမ့်မည်။ လင်းချင်းသည် ယန်ကျင်းဟွာ၏ ရန်သူတိုင်းက သူမ၏မိတ်ဆွေဟု ယူဆသည်။ ထို့ကြောင့် ဒီလူများက ဘယ်သူပဲဖြစ်ဖြစ် သူမသည် အရင်ကယ်ထားရလိမ့်မည်။
သို့သော်လည်း နယ်မြေထဲသို့ သူမသည် တစ်ချိန်တည်းတွင် လူနှစ်ယောက်သာ အတူထည့်နိုင်သည်။ ထို့ကြောင့် လူငါးယောက်ကို ကယ်ဖို့ဆိုလျှင် သူမသည် သုံးခါလောက်ခွဲထည့်ရလိမ့်မည်။
ပထမနှစ်ယောက်လောက် ပျောက်သွားသည်ကို ယန်ကျင်းဟွာ၏ လူများက မမှီဖြစ်နိုင်သော်လည်း နောက်သုံးလေးယောက် ထပ်ပျောက်လျှင်တော့ သေချာပေါက် လှုပ်ရှားမှာ ဖြစ်သလို နောက်ဆုံးကျန်ခဲ့သည့်သူမှာ ပစ်သတ်ခံရနိုင်သည်။
လင်းချင်းသည် ဧည့်ခန်းထဲက စစ်သားများကို ရှောင်ကာ ထိုလူငါးယောက်အနားသို သွားလိုက်သည်။ သူတို့ကို ဘယ်မှာတွေ့ဖူးသလဲ တွေးနေစဉ်တွင် နယ်မြေထဲသို့ ဘယ်လိုထည့်ရမလဲကိုလည်း တွေးနေသည်။
သူမသည် လူတစ်စုလုံးကို တစ်ခါတည်း နယ်မြေထဲသို့ မထည့်နိုင်ပေ။ အခုမှ ဒါသည် နောက်ပြဿနာတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ကိုယ်ပျောက်နေသည့် လင်းချင်းသည် လက်ဝါးကို ခေါင်းပေါ်တင်ကာ တွေးကြည့်နေရသည်။
ကျွင်းကျွင်းသည် တုံတုံကို ချီထားသဖြင့် နယ်မြေထဲသို တစ်ခါတည်းပို့ရသည်။ ထို့ကြောင့် ဒီလူငါးယောက်ကို နယ်မြေထဲသို့ တစ်ခါတည်းထည့်ရန် လက်တွဲခိုင်းထားရမည်နည်း? မဟုတ်ရင် သူတိုကို ကြိုးတစ်ကြိုးတည်းဖြင့် အကုန်တုပ်ခေါ်လာရမည်လား?
ဒီအတွေးဖြင့် လင်းချင်းသည် သူတို့ငါးယောက်ကို သေချာသွားကြည့်သည့်အခါ အံ့သြဖို့ကောင်းစွာ သူတို့လက်များကို ကြိုးတစ်ကြိုးတည်းဖြင့် တုပ်ထားသည်ကို တွေ့လိုက်ရသည်။ လင်းချင်းသည် သူမတွေးသည်က ဖြစ်နေသဖြင့် ပြုံးလိုက်သည်. ထို့နောက် တွေဝေမှုမရှိဘြ အလည်က လူနှစ်ယောက်၏ပုခုံးပေါ်ကို လက်တင်ကာ နယ်မြေထဲသို့ ဝင်လိုက်သည်။
ထို့နောက် နံရံကိုမှီထိုင်နေသည့် လူငါးယောက်လုံးသည် ရုတ်တရပ် ပျောက်သွားကြတော့သည်။ သူတို့ကို စောင့်ကြည့်နေသည့် စစ်သား၇ယောက် ၈ယောက်သည် မျက်လုံးကို မပိတ်ကြည့်ဘဲ မနေနိုင်တော့ပေ။ တကယ့်ကို ဘယ်သူမှ မရှိတော့ပေ။
“က. . .ကပ္ပတိန်”
တည်ငြိမ်မှုအနည်းဆုံးဖြစ်သည့် တစ်ယောက်သည် တုန်ရီစွာဖြင့် အော်ခေါ်သည်။
“ဘာလဲ?” အဆင့်ငါးစွမ်းအားရှင် တစ်ယောက်သည် ခေါ်သံကြားသည့်အခါ ချက်ချင်းခေါင်းလှည့်ကြည့်သည်။
“ကပ္ပတိန် တစ်ခုခုတော့ လွဲနေပြီ”
“ဟုတ်တယ် ကပ္ပတိန် ဒီကိုလာကြည့်ပါဦး” အခြားသူများသည်လည်း အသံများတုန်၍ မယုံနိုင်စွာ ပြောကြသည်။
ထိုအခါ ဧည့်ခန်းထဲကလူများသည် ထိုဘက်သို့ လှည့်ကြည့်ကြသည်။ ထို့နောက် ကပ္ပတိန်အချို့သည် ပြဿနာကို ချက်ချင်းသိသွားကြသည်။ သူတို့သည် အမြန်ရောက်လာကြသည်။ ကပ္ပတိန်တစ်ယောက်သည် ထိုစစ်သားတစ်ယောက်ကို လက်ဖြင့်ဆွဲကာ မျက်လုံးအပြူးသားဖြင့် ဘာမှမရှိသည့်နေရာကိုပြကာ “သူတို့ ဘယ်ရောက်ကုန်ကြတာလဲ?”
သူ့လက်ဖြင့် အဖြစ်ညှစ်ခံနေရသည့် စစ်သားသည် ကူကယ်ရာမဲ့စွာဖြင့် “ကျွန်တော်. . .ကျွန်တော်တို့လည်း မသိဘူး! သူတို့က ရုတ်တရပ်. . .ဒီတိုင်းကြီး ပျောက်သွားတာ”
လူတိုင်းသည် လူငါးယောက်ပျောက်သွားသည့်နေရာကို စိုက်ကြည့်နေကာ တိတ်ဆိတ်သွားသည်။ ခုနက အပြင်ကိုခနထွက်လာသည့် ကပ္ပတိန်သည် မျက်နှာကြီး မည်းသည်းစွာဖြင့် “တစ်ယောက်ယောက်က ခိုးဝင်လာတာလား?”
အခြားသူများသည် သူ့ကိုနားမလည်စွာဖြင့် ကြည့်ကြသည်။ တစ်ယောက်ယောက်က ဝင်လာသည်လား? ဘယ်လိုလဲ? တိုက်ခန်းထဲတွင် လျှပ်စစ်မီးမရသော်လည်း သူတို့သည် မီးမရှိတာတော့ မဟုတ်ပေ။ ဒီနေရာတွင် ဘက်ထရီမီးအိမ်အချို့ရှိနေသဖြင့် အခန်းသည် အလင်းရနေသည်။ တစ်ယောက်ယောက်က ခိုးဝင်လာလျှင် ကန်းနေတာ မဟုတ်သည့် သူတို့က ဘယ်လိုလုပ် မမြင်ဘဲ နေမည်နည်း?
ထိုကပ္ပတိန်သည် သူတို့ကိုကြည့်ကာ “ငါပြောချင်တာက စွမ်းအားရှင်တစ်ယောက်ယောက်။ နေရာလွတ်အစွမ်း ဒါမှမဟုတ် ကိုယ်ပျောက်နိုင်စွမ်းလိုမျိုး”
ထိုအချိန်တွင် ယန်ကျင်းဟွာသည် အိပ်ခန်းထဲကနေ ထွက်လာကာ တယ်လီစကုတ်ကို သူ့လက်ထောက်အား ကမ်းပေးလိုက်ရင်း သူ့လူများအား ကြည့်ရင်း “ဘာဖြစ်လို့ အော်နေတာလဲ? ဘာဖြစ်လို့လဲ?”
လူစုသည် ချက်ချင်းပါးစပ်ပိတ်ကာ လွတ်နေသည့်နေရာကို ဖယ်၍ပြကြသည်။ ထိုအခါ ယန်ကျင်းဟွာ၏ မျက်နှာသည် ပို၍အေးစက်လာကာ “သူတို့ဘယ်ရောက်သွားလဲ?”
“ခေါင်းဆောင် သူတို့ပျောက်သွားတယ်” ဒီလူများကို တာဝန်ယူထားသည့် ကပ္ပတိန်သည် ရှေ့ထွက်ကာ ပြောလိုက်သည်။
ယန်ကျင်းဟွာသည် သူ့ကိုမကြည့်ဘဲ ထိုနေရာကိုကြည့်ကာ အေးစက်နေသည့် လေသံဖြင့် “ပျောက်သွားတယ်ဆိုတာ ဘာလဲ? သူတို့ကို စောင့်ကြည့်ဖို့ ငါမင်းကို ပြောထားတယ်။ ဒါကိုမင်းက သူတို့ကို အပျောက်ခံတယ်လား?”
ထိုလူငါးယောက်သည် သူတို့မှီထိုင်နေသည့် နံရံက ရုတ်တရပ်မရှိတော့သည်ကို ခံစားမိလိုက်ပြီးနောက် ဘာဖြစ်မှန်းသိသည့်အခါ သူတို့မျက်လုံးဖြင့် မြင်နေရသည်များက ပြောင်းလဲသွားသည်။
“ဒီနေရာကဘာလဲ?” လီကျန်းသည် ဧည့်ခန်းတွင် မဟုတ်တော့သည်ကို သိသွားကာ သူ့အသင်းဖော်များကို ကြည့်ရင်း နားမလည်စွာဖြင့် ပြောသည်။
“ဟိုကလူတွေက ငါ့အထင် အဒေါ်နဲ့ ဝမ်ဝမ်မလား”
“ပြီးတော့ ရှောင်လု”
“ကပ္ပတိန်ကြီးရဲ့ အမျိုးသမီးမလား?”
သူတို့သည် ဘေးကိုကြည့်သည့်အခါ ဆိုဖာတွင်ထိုင်နေသည့် လင်းဝမ်ဝမ်တို့ကို တွေ့သွားသည်။ လင်းဝမ်ဝမ်တို့သည်လည်း လင်းချင်းက မြက်ခင်းပေါ်သို့ ပစ်ချလာသည့် လူငါးယောက်ကို ထရပ်ကြည့်ကြသည်။ အနားသို့ လာကြည့်သည့်အခါ သူတို့အံ့သြသွားကြသည်။
“ဟင် ဒါကလီကျန်း၊ ဖန်ယုမင်းတို့ မလား?”
“ဟုတ်တယ် လဲ့ယောင်၊ ဖေးချောင်းလင်းနဲ့ ဒါကဘယ်သူပါလိမ့်?”
အမျိုးသမီးလင်းတို့သည် အနားသို့ ရောက်လာသည့်အခါ လီကျန်းတို့ မျက်နှာများကို မြင်ရသဖြင့် ပိုစိတ်ရှားလာကြသည်။
“အဒေါ်! ကျွန်တော်တို့ နောက်ဆုံးတော့ တွေ့ရပြီ ပြီးတော့ လင်းဝမ်ဝမ်တို့ အကုန်လုံး ဒီမှာပါလား? ကောင်းလိုက်တာ အကုန်လုံး မထိခိုက်ကြဘူးမလား?”
“အကောင်းအတိုင်းပဲ!”
သူတို့ဆီလာသည့် အမျိုးသမီးလင်းတို့ကို မြင်သည့်အခါ သူတို့သည် ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်တော့ဘဲ မြေပြင်ကနေ စိတ်လှုပ်ရှားစွာဖြင့် ထဖို့လုပ်တော့သည်။
လီကျန်းတို့အဖွဲ့သည် လုပ်ဆောင်နိုင်စွမ်းမြင့်ကာ သန်မာသူများဖြစ်ပြီး လင်းချင်း၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။ ထို့ကြောင့် လင်းမိသားစုနှင့် သူတို့က ရင်းနှီးကြသဖြင့် အကုန်လုံးက အချင်းချင်း သိနေကြတာဖြစ်သည်။
လင်းမိသားစုသည် အနားသို့ ရောက်သည့်အခါ သူတို့အား ကြိုးတုပ်ထားသည်ကို မြင်သွားကြသည်။
“ဟမ်? ဘာဖြစ်တာလဲ? ကြိုးတုပ်ခံထားရပါလား? ဝမ်ဝမ်နဲ့ ဝမ်ရှု သူတို့ကို အမြန် ကြိုးဖြေပေးလိုက်ပါဦး!”
အမျိုးသမီးလင်းသည် အစက အံ့သြသွားပြီးနောက် လင်းဝမ်ဝမ်နှင့် ချန်းဝမ်ရှုတို့အား လီကျန်းတို့ကို ကြိုးဖြေခိုင်းလိုက်သည်။