၂၂၆။ လင်းလင်းထွက်လာပြီ
လင်းချင်းသည် ဝူချန်းယွဲ့ကို တစ်ချက်ကြည့်လိုက်သည့်အခါ သူ့သမီးကို အရမ်းစိတ်ပူနေပုံရသဖြင့် ချက်ချင်းနယ်မြေထဲသို့ ပြန်ဝင်သွားသည်။
လင်းချင်းက သတိပေးခြင်းမရှိဘဲ ပျောက်သွားသည့်အခါ ဝူချန်းယွဲ့၏ မျက်နှာကြီးသည် မည်းမှောင်သွားကာ လုထန်ရိတို့ကို လှည့်ကြည့်လာသည်။ သူ့အကြည့်ဖြင့်ဆုံလိုက်သည့်သူများသည် ချက်ချင်းကြောက်သွားကြကာ နောက်သို့ ခြေတစ်လှမ်းဆုတ်မိကြသည်။ သို့သော်လည်း ဝူချန်းယွဲ့က ဘာမှမလုပ်ရသေးခင်း လင်းချင်းက ကလေးမလေးကို ချီကာ ပြန်ပေါ်လာသည်။ ကလေးမလေးက လက်ထဲတွင် ယုန်တစ်ကောင်ကို ပိုက်လာသည်။
ထိုအခါမှ သူတို့သည် သက်ပြင်းချနိုင်တော့သည်။ နောက်ဆုံးတော့ ခေါင်းဆောင်ကြီးထံမှ ဖိအားများကို ရစရာမလိုတော့ပေ။ ထိုအချိန်တွင် ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် မျက်လုံးအပြူးသာ ဖြစ်သွားကြကာ ဝူချန်းယွဲ့က လင်းချင်းဆီသို့ အမြန်ပြေးလာသည်။
သို့သော်လည်း လင်းချင်းက သူ့ထက်နည်းနည်းပိုမြန်သည်။ ဝူချန်းယွဲ့က လင်းချင်းထံသို့လာသည်နှင့် လင်းချင်းက ရှောင်ပြေးလေသည်။ ဝူချန်းယွဲ့သည် လင်းချင်းရပ်ခဲ့သည့်နေရာတွင် ရပ်လိုက်ကာ မျက်နှာကျုံ့ထားရင်း “တော်တော့! လင်းလင်းကို ငါ့ကိုပြန်ပေး” သူသည် ဒေါသထွက်နေသဖြင့် လင်းချင်းက ဘာဖြစ်လို့ ရှောင်နေသလဲကို မသိပေ။
လင်းချင်းက ခေါင်းခါပြသည်ကို မြင်သည့်အခါ ဝူချန်းယွဲ့၏ မျက်နှာကြီးသည် မည်းမှောင်သွားကာ မျက်လုံးများက ကျဉ်းမြောင်းလာပြီး “မင်း! မင်းဘာလိုချင်တာလဲ”
ကြီးမားလှသည့် ရင်သားများကြောင့် အမျိုးသမီးဖြစ်ကြောင်းကို သူသိသွားပြီ။ သူမသည် ဦးထုတ်ဆောင်းထားကာ နေကာမျက်မှန်တပ်ထားသောကြောင့် နှာခေါင်း၊ နှုတ်ခမ်းနှင့် မေးတို့ကိုသာ မြင်နိုင်သည်။ အစက ဒီမိန်းမသည် အဆင့်၆ဇွန်ဘီအမြူတေကို သူ့ဆီက ခိုးသွားသည်။ အခုလည်း သူ့သမီးကို ပြန်ပေးဆွဲထားသည်။ ‘ဘာဖြစ်ချင်နေတာလဲ?’
ဒီအမျိုးသမီးက လင်းလင်းကို ပြန်ပေးဖို့ မလုပ်သည်ကို မြင်ရသည့်အခါ သူပိုဒေါသထွက်လာသည်။ သူ့ချောမောသည့်မျက်နှာသည် ရှုံ့မဲ့နေကာ မျက်လုံးများက ရေခဲဓားများထွက်မတက် အေးစက်နေသည်။ သူ့လက်ဝါးထက်တွင်တော့ မိုးကြိုးလုံးတစ်ခုကို သူထုတ်လာသည်။
လင်းချင်းသည်လည်း ဒီယောက်ျားက ဒေါသကြီးလွန်းသောကြောင့် မျက်မှောင်ကျုံ့မိသည်။ သူမကိုတွေ့တိုင်း တိုက်ဖို့ပဲ လုပ်နေလေရာ တည်ငြိမ်ခြင်းမရှိသဖြင့် စခန်းခေါင်းဆောင်ဟုတ်ရဲ့လားတောင် မသိတော့ပေ။
လင်းလင်းကို မြင်သည့်အခါ ရှောင်ယွင့်လုံသည် မုန့်ယွဲ့ကို လှေကားနားတွင် သေချာထားခဲ့ကာ ဝူချန်းယွဲ့ဖြင့် တိုက်မလိုဖြစ်နေသည့် လင်းချင်းတို့ရှိရာသို့ နံရံကိုဖက်တွယ်လျှက် အမြန်တက်လာသည်။
ထိုအခါ လုထန်ရိတို့လည်း မကောင်းတာဖြစ်တော့မည်ကို နားလည်လိုက်သည်။ လုထန်ရိက အမြန်အော်သည်။ “ခနလေး! စကားပြောလို့ရမလား? ခေါင်းဆောင် ဘာဖြစ်လဲကို သေချာမသိခင် ဒီလိုလုပ်တာက မသင့်တော်ဘူး”
“ဟုတ်တယ်” ကောင်းချင်းမင်းကလည်း ဝင်ပြောသည်။ “ဒီအမျိုးသမီးက လင်းလင်းကို ကယ်ပေးထားတာ သေချာတယ်။ သူသာမကယ်ရင် လင်းလင်းက အဆင့်၆ဇွန်ဘီနဲ့ရှိနေမှာ။ သူ့ကိုကျေးဇူးတင်သင့်တာမလား?”
ထိုအခါ ရှောင်ယွင့်လုံသည် တွေဝေသွားကာ ဝူချန်းယွဲ့ကိုကြည့်၍ တစ်ခုခုပြောဖို့လုပ်သည်။ သို့သော်လည်း ဝူချန်းယွဲ့က အေးစက်စွာဖြင့် “ငါ့ဇွန်ဘီအမြူတေကို ခိုးသွားတဲ့သူကို ငါကကျေးဇူးတင်စရာလား!”
“ခိုးတာကတော့ သူ့အပြစ်ပါ” ကောင်းချင်းမင်းက ပြောသည်။ “ဒါပင်မယ့် လင်းလင်းကို ကယ်ပေးတော့ ခွင့်လွှတ်ပေးလို့မရဘူးလား?”
ဝူချန်းယွဲ့သည် အမြူတေကို အစွဲထားနေတာ မဟုတ်သော်လည်း သူ့ထံမှ ခိုးသွားခြင်းကို ခွင့်မလွှတ်နိုင်တာ ဖြစ်သည်။ လင်းလင်းကို ချီသာမထားလျှင် မိုးကြိုးများဖြင့် ဆက်တိုက်ကို ပစ်ချနေပြီးလိုက်ပြီ။ သို့သော်လည်း ဒီကိစ္စနှစ်ခုကို ရောမပစ်ပေ။ လင်းလင်းကို ကယ်ပေးလို့ ကျေးဇူးတင်မှာ မှန်သော်လည်း သူ့ဆီက ခိုးသွားသည့်အတွက်ကတော့ ပြန်ပေးဆပ်ရမှာပင်။
“လင်းလင်းကို ပြန်ပေးရင် သူလိုချင်တာကို ငါပြန်ပေးနိုင်တယ်။ ဒါပင်မယ့် ခိုးသွားတာကတော့ နောက်ကိစ္စတစ်ခုသပ်သပ်ပဲ!” ဝူချန်းယွဲ့က အေးစက်စွာ ပြောသည်။
“ချန်းယွဲ့ ခနလေး!” ရှောင်ယွင့်လုံက ပြောသည်။ “သူပြောတာမှန်တယ်လို့ ငါထင်တယ်။ မင်းအခု စိတ်အေးအေးထားဖို့ လိုတယ်။ အစတုန်းက လင်းလင်းကို ထူးဆန်းတဲ့ အဆင့်၆ဇွန်ဘီက တကယ်ခေါ်သွားခဲ့တာ။ ဇွန်ဘီက လင်းလင်းကို ဘာဖြစ်လို့ ဘာမှမလုပ်တာလည်း ငါမသိပင်မယ့် အချိန်မှီကယ်ပေးနိုင်တာပဲ တကယ်တော်သေးတယ်။ ဒီအမျိုးသမီးက ငါတို့ကို ကူညီထားတာ”
‘ဘုရားမတာပဲ!!!’ ရှောင်ယွင့်လုံသည် စိတ်ထဲတွင် ပြောနေမိသည်။ သူ့ခေါင်းကိုင်သမီးလေးကို သူမစောင့်ရှောက်နိုင်သဖြင့် တသက်လုံးအပြစ်ရှိစိတ်ကြီး ကျန်ခဲ့တော့မည်ဟု ထင်ထားသော်လည်း လင်းလင်းက အကယ်ခံလိုက်ရသေးသဖြင့် တကယ့်ကိုတော်သေးသည်။ ဘာပဲဖြစ်ဖြစ် ဒီလျို့ဝှက်သည့် အမျိုးသမီးက ကယ်ပေးသည်က အမှန်ပင်။
ဝူချန်းယွဲ့သည် သူ့ကိုအေးစက်သည့် အကြည့်တစ်ချက်ဖြင့် ကြည့်ကာ တိတ်သွားသည်။
ထိုအချိန်တွင် လင်းချင်းသည် သက်ပြင်းချကာ ထိုင်လိုက်ပြီး ဝူယွဲ့လင်းကို အောက်သို့ချပေးလိုက်သည်။ ထို့နောက် ဝူချန်းယွဲ့ဘက်သို့ လက်ညိုးထိုးပြလိုက်သည်။
ဝူယွဲ့လင်းသည် သူ့အဖေဆီသို့ သူမကို ပြန်ခိုင်းနေသည်ကို သိသော်လည်း မသွားခင် လင်းချင်း၏အကျီစကိုဆွဲထားသည်။ လင်းချင်းက သူမကို အားကိုးနေသည်ထင်၍ အံ့သြသွားကာ သူမ၏လက်ကိုကိုင်လိုက်သည်နှင့် သူမ၏အတွေးကို ကြားလိုက်ရသည်။
‘နွယ်လေးနဲ့ လာကစားချင်သေးတယ်’
‘ဪ. . . ငါ့ကြောင့်မဟုတ်ဘူးလား? နွယ်လေးတဲ့လား! နင်တို့နှစ်ယောက်က အတော်တည့်သွားကြတဲ့ပုံပဲ’ လင်းချင်းက တွေးမိသည်။
“လင်းလင်း ဖေဖေ့ဆီလာ!” သူ့သမီးလေး၏အပြုအမှုကြောင့် ဝူချန်းယွဲ့သည် ရင်ဘတ်အောင့်သွားသည်။ ရုတ်တရက် သူ့သမီးလေးက သူ့ကိုတသက်လုံးခွဲသွားတော့မလို ခံစားလိုက်ရသည်။
သူ့အဖေအသံကြားမှ ဝူယွဲ့လင်းသည် လျှောက်လာသည်။ သို့သော်လည်း လင်းချင်းကို လှည့်ကြည့်နေသေးသည်။ အရင်တစ်ခါကလို ယုန်သည် သူမလက်ထဲမှဆင်းသွားကာ လင်းချင်းဆီသို့ ပြန်ပြေးသွားသည်။ ထိုအခါ ဝူယွဲ့လင်းသည် ဘာလုပ်ရမလဲ မသိတော့ပေ။
ဝူယွဲ့လင်းသည် သူ့အဖေနှင့် နှစ်လှမ်းလောက်အကွာတွင် ရပ်နေသည့်အခါ ဝူချန်းယွဲ့သည် အနည်းငယ်စိတ်ပူကာ သူ့သမီးကို အမြန်ကောက်ချီလိုက်သည်။ ထို့နောက် လင်းချင်းအား လက်မောင်းလုံးလောက်ရှိသည့် မိုးကြိုးဖြင့် ချက်ချင်းပစ်ချသည်။
လင်းချင်းသည် စိတ်ထဲတွင် ဆဲလိုက်ပြီး ချက်ချင်းနောက်သို့ ခုန်ရှောင်လိုက်ရသည်။ ထိုအချိန်တွင် ဝူချန်းယွဲ့က လင်းလင်းအား ရှောင်ယွင့်လုံကို ချီထားခိုင်းလိုက်သည်။ ရှောင်ယွင့်လုံအပါအဝင် လူတိုင်းကတော့ ဝူချန်းယွဲ့ကို ကြောင်အစွာ ကြည့်ကုန်သည်။
‘ဘာ? ဘာဖြစ်လို့ သတိတောင်မပေးဘဲ တိုက်တာလဲ? ဒါက . . .မိုးကြိုးနဲ့ ပစ်ခံရတဲ့သူအတွက် တော်တော်မကောင်းတာပဲ!’ သို့သော်လည်း သူတို့သည် လင်းချင်းက သူ့ဇွန်ဘီအမြုတေကို ခိုးသွားသည်က မကောင်းကြောင်းကို သတိရသွားသည်။
ဝူချန်းယွဲ့က လင်းလင်းကို ပြန်ချီဖို့ လုပ်စဉ်တွင် သူ့သမီးသည် မျက်ရည်များဝိုင်းနေကာ သူ့အားဒေါသတကြီး စိုက်ကြည့်နေခြင်ကို မမျှော်လင့်စွာ မြင်လိုက်ရသည်။
‘ဘာဖြစ်လို့ အမကြီးဇွန်ဘီကို ချတာလဲ! ထပ်ပြီးတော့ အမကြီးဇွန်ဘီကို ချပြန်ပြီ!!!’
ဝူချန်းယွဲ့သည် သူ့သမီး၏စိတ်ကို မဖတ်နိုင်သော်လည်း သူ့သမီးမှာ ထူးဆန်းသည့် ဒီအမျိုးသမီးကို သူတိုက်လိုက်၍ စိတ်မကောင်းဖြစ်သွားမှန်းကိုတော့ သူနားလည်သေးသည်။ ‘ဘာဖြစ်လို့ သူ့ဘက်က နေတာလဲ? ရက်နည်းနည်းလောက်နဲ့ ငါ့သမီးကို ဘယ်လိုမှိုင်းသွင်းလိုက်တာလဲ!’