May Honey Logo May Honey
Previous Next

၂၇၆။ ရေကန်အောက်က ကမ္ဘာ

လင်းချင်းသည် အောက်သို့ကူးခတ်သွားသည်။ နှစ်မိနစ်လောက်ကြာပြီဟု သူမခံစားရသော်လည်း ရေကန်အောက်ခြေသို့ကို မရောက်နိုင်သေပေ။ နွယ်လေးသည် သူမနှင့်နီးနေကြောင်းကို ခံစားမိသော်လည်း ရေကန်အောက်ခြေတွင် ဘာကိုမှ သူမမမြင်နိုင်ပေ။   ‘ထူးဆန်းတယ်’

အမြူတေများကိုကိုင်၍ သူမသည် အောက်သို့ဆက်ကူးသည်။ ကူးနေတာ ဘယ်လောက်ကြာသလဲ သူမမပြောတက်သော်လည်း အချိန်တစ်နာရီ၊နှစ်နာရီကြာသည့် နောက်ဆုံးတွင် သူမသည် ရေထဲတွင် အရိပ်တစ်ခုကို တွေ့သည်။ ပိုနက်နက်သို့ သူမဆင်းသွားလေလေ အရိပ်သည်ပိုကြီးလာကာ ပီပြင်လာလေလေ ဖြစ်သည်။

မကြာခင်တွင် ခရမ်းရောင်ရင့်ရင့်တစ်ခုကို သူမတွေ့သည်။ ရေကန်သည် ဒီလောက်အထိနက်မည်ဟု သူမမထင်ခဲ့မိပေ။   ‘ကြောက်ဖို့ကောင်းတယ်’

သူမနီးလာသည့်အခါ ခရမ်းရောင်ရင့်ရင့်အရာကို ကန်၏ကြမ်းပြင်တွင် တွေ့လိုက်ရသည်။ မကြာခင်မှာ သူမသည် ကန်ကြမ်းပြင်ကိုနင်း၍ ပတ်ကြည့်သော်လည်း ဘာကိုမှ မတွေ့ရပြန်ပေ။ သူမသည် နွယ်လေးကို မမြင်ရပေ။ နွယ်လေးက ဒီနေရာတွင်ရှိကြောင်းကို သူမခံစားမိသည်။   ‘နွယ်လေးက အတိအကျ ဘယ်နေရာမှာလဲ?’

ကန်ကြမ်းပြင်ကို နင်းလျှက် သူမသည် အနည်းငယ် ထူးဆန်းသလို ခံစားရသည်။ ဒီခရမ်းရောင်ရင့်ရင့်ဖြစ်နေသည့် ကြမ်းပြင်သည် ယောဂကျင့်သည့် ဖျာလိုမျိုး နူးညံ့နေသည်။ ကန်အောက်ခြေတွင် ဖော့စေသည့် ရေ၏ဂုဏ်သတ္တိမှာ အလွန်နည်းနေသဖြင့် လင်းချင်းသည် အပေါ်သို့ ပေါ့တက်မသွားပေ။  
  
သူမသည် ကန်အောက်ခြေတွင် နွယ်လေးကို မမြင်ရသော်လည်း ရုန်း၍နှစ်လှမ်းလောက် လျှောက်ကာ ပတ်ဝန်းကျင်တွင် ရှာဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူမသည် စိတ်ထဲကနေ ကြားမလားဟုသည့် မျှော်လင့်ချက်ဖြင့် နွယ်လေး၏ နာမည်ကို ခေါ်နေသည်။

လျှောက်နေစဉ် ရုတ်တရပ် သူမသည် ချိုင့်နေသည့် နေရာတစ်ခုကို တွေ့သည်။ အနားသို့ သိချင်စိတ်ဖြင့် လျှောက်သွားသည့်အခါ ရေအောက်ကြမ်းပြင်တွင် အက်ကွဲကြောင်း အရှည်ကြီးတစ်ခုကို တွေ့ရသည်။ ကန်သည်မှောင်လွန်းသဖြင့် အစက ထိုအက်ကွဲကြောင်းကို မတွေ့ခဲ့တာ ဖြစ်သည်။ အခုတော့ အနားသို့ ရောက်နေသဖြင့် မြင်နိုင်တာပင်။ နှစ်မီတာလောက် ကွဲနေကာ အထဲတွင်မှောင်နေ၍ ဘာကိုမှ မမြင်နိုင်ပေ။   ‘ဒီနေရာက ဘာကြီးလဲဟ!’

လင်းချင်းသည် ထိုအက်ကွဲကြောင်းထဲတွင် နွယ်လေး၏ တည်ရှိမှုကို အာရုံခံမိသည်။ ထို့ကြောင့် သူမဆင်းကြည့်ရမလား တွေးနေမိသည်။ တွေဝေနေရသည်မှာ အထဲတွင် ဘာကိုမှ မမြင်နိုင်သောကြောင့် ဖြစ်သည်။ မျက်လုံးကို မှိတ်ကြည့်လေရာ အနီရောင်ရင့်ရင့်များအပြင် ဘာကိုမှ မမြင်ရပေ။

သူမသည် အောက်ထဲက အန္တရာယ်မရှိကြောင်းကို ခံစားမိသော်လည်း ဘာမှမမြင်နိုင် မခံစားနိုင်ခြင်းက သူမကို ခြိမ်းခြောက်နေနိုင်သည်။ သို့သော်လည်း နွယ်လေးက ဒီအောက်တွင်ရှိသည်မှာ သေချာသည်။ ဒီအကြောင်းပြချက်ဖြင့် သူမသည် အောက်ထပ်ထဲသို့ ဆင်းကိုသွားဖို့ လိုနေပြီ။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် လင်းချင်းသည် အက်ကွဲကြောင်း၏ ဘေးတွင် ခြေချရပ်လိုက်သည်။ ထို့နောက် မြေပျော့ပျော့ကို သူမ၏ခြေသည်းများထုတ်ကာ ကုတ်လိုက်သည်။ ထူးဆန်းသည်မှာ သူမ၏ခြေသည်းများသည် ထိုမြေပျော့ပျော့ထဲတွင် နစ်ဝင်သွား၍ သူမ၏ကိုယ်အား တည်ငြိမ်အောင် ထိန်းထားပေးနိုင်သည်။ ခြေသည်းများကို ဖြည်းဖြည်းချင်း ရွေ့၍ အောက်သို့ဆင်းသွားသည်။ 

မကြာခင်တွင် သူမသည် ဘာကိုမှ မမြင်ရတော့ဘဲ သူမ၏ခေါင်းအထက်တွင်တောင်မှ အမှောင်ထုကြီးတစ်ခုသာ ရှိတော့သည်။
‘ငါဘယ်ကိုရောက်နေတာလဲ?’

သူမသည် ဟိုးအောက်ခြေသို့ ရောက်သည့်အထိ ဆက်တွားသွားဖို့လိုကြောင်းကို တွေးမိသော်လည်း မမျှော်လင့်ဘဲ မီတာအနည်းငယ်လောက် သူမ၏ခြေထောက်က သွားပြီးသည့်အခါ ကြမ်းပြင်တစ်ခုကို ခံစားမိသွားသည်။   ‘ဟင်? မြန်လိုက်တာ’

သူမသည် မျက်လုံးကိုမှေး၍ လှည့်ကြည့်သည့်အခါ အစိမ်းဖျော့ဖျော့တောက်ပနေသည့် စက်လုံးကြီးတစ်ခုကို တွေ့သည်။ သူမသည် ထိုနေရာသို့ လျှောက်သွားကာ လက်ဖြင့် ထိုစက်လုံးအစိမ်းရောင်ကို ညင်သာစွာ ထိကြည့်သည်။ သူမထင်သလိုပင် နွယ်အချို့ကို ထိမိသွားသည်။ ထိုနွယ်များထံမှ စွမ်းအင်သည် အရမ်းကို အားနည်းနေရာ နွယ်လေးသည် သူ့ကိုယ်သူကျုံ့ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်က မဆန်းတော့ပေ။

လင်းချင်းသည် ဇွန်ဘီအမြူတေများကို ထိုစက်လုံးကြီးဆီသို့ ဖိကပ်လိုက်သည်။ ဇွန်ဘီအမြူတေများကို ထိကပ်လိုက်သည်နှင့် နွယ်များသည် အစိမ်းဖျော့ဖျော့လေးများ တောက်ပလာကာ တုန်ခါလာသည်။ လင်းချင်းသည် ပျော်သွားကာ တခြားအမြူတေများကိုလည်း နွယ်လေး၏ကိုယ်သို့ ဖိကပ်လိုက်သည်။  
  
မျှော်လင့်သလိုပင် ထိုအမြူတေများသည် မကြာခင်တွင် ပျောက်သွားကြသည်။ ထို့နောက် သူမ၏လက်ထဲက နွယ်များသည် စလှုပ်ရှားလာသည်။ အစိမ်းဖျော့ဖျော့လေးများသည် ပိုတောက်ပလာကာ ဒီနေရာကို အလင်းပေးလာသည်။ မကြာခင်တွင် တစ်နေရာလုံးသည် လှပစွာကို စိမ်းစိုလာတော့သည်။

ထို့နောက် စက်လုံးကြီးသည် အကောင်ကြီးတစ်ခုလိုမျိုး တွန့်ကွေးနေသည့် နွယ်များကို နေရာတိုင်းသို့ ဆန့်ထုတ်၍ ပုံစံကိုစပြီး ပြောင်းတော့သည်။ လက်မောင်းလုံးလောက်ရှိသည့် နွယ်များသည် လင်းချင်း၏ ခါးကို အမြန်ရစ်ပတ်လာသည်။

‘မေမေ! မေမေ! မေမေ!’   နွယ်လေး၏ ပျော်မြူးနေသည့်အသံကို လင်းချင်းသည် စိတ်ထဲကနေ ချက်ချင်းကြားလိုက်ရသည်။

လင်းချင်းသည် ရေထဲတွင် စကားပြောမရသဖြင့် စိတ်ထဲကနေ   ‘ငါ့ကိုအပေါ်ကိုပို့ပေး’

‘ဟုတ်ကဲ့’

ထို့နောက် လင်းချင်းသည် သူမ၏ခါးကိုရစ်ပတ်ထားသည့် နွယ်များသည် သူမကို အားကောင်းကောင်းဖြင့် မ၍အပေါ်သို့ မြှောက်လိုက်သည်ကို ခံစားမိသည်။ သူမဆင်းလာတုန်းကထက် ပို၍မြန်ဆန်စွာ လင်းချင်းသည် ရေအပေါ်သို့ သိပ်မကြာခင်တွင် ရောက်သွားတော့သည်။

နွယ်လေးသည် သူမ၏ကိုယ်ကို ဖြေပေးမှ လင်းချင်းသည် ကန်ဘေးသို့ ရေထဲကနေ လျှောက်ထွက်သွားသည်။ လမ်းလျှောက်နေရင်း လင်းချင်းက   “နွယ်လေး အမြူတေထဲက စွမ်းအားတွေကိုစုပ်လိုက်။ ပြီးရင် ချူးလီလီကို သူ့ကိုယ်ပြန်ကောင်းဖို့ ကူညီပေးဖို့လိုမယ်”

နွယ်လေးသည် လင်းချင်း၏ လက်မောင်းကို လာထိကာ အကြောင်းကြားသည်   ‘ဟုတ်ကဲ့။ ဒါပင်မယ့် ဒီစွမ်းအားတွေ အကုန်လုံးကို သေချာစုပ်ယူဖို့ဆိုရင် အချိန်နည်းနည်းကြာဦးမှာ။ မေမေ နွယ်လေးကို သည်းခံပြီး စောင့်ပေးပါနော်’

“အင်းပေါ့!”   လင်းခငျ်းသည် ကန်ဘေးသို့သွားရင်း ခေါင်းငြိမ့်ပြသည်။ ထို့နောက် အဝတ်များကို ကောက်ဝတ်လေသည်။ ထိုအချိန်တွင် နွယ်လေးသည် ရေကန်ထဲသို့ ပြန်ဝင်သွားသည်။

ရေကန်အောက်ခြေက တိတ်ဆိတ်ငြိမ်သက်မှုကို လင်းချင်းသည် ခံစားဖူးသွားပြီ ဖြစ်ရာ နွယ်လေးပြန်ဆင်းသွားသည်နှင့် လှုပ်ရှားနေမှုတို့ကို အာရုံခံမိသည်။

လင်းချင်းသည် နွယ်လေးမှာ စွမ်းအားအကုန်လုံးကို စုပ်ယူရန် အချိန်အချို့လိုမည့် အကြောင်းကို နားလည်သည်။ ထို့ကြောင့် အဝတ်များကို ဝတ်ပြီးသည်နှင့် တောအုပ်ဘက်သို့ လျှောက်သွားသည်။

သူမသည် မြက်ခင်းကိုဖြတ်ကာ တောအုပ်သို့ဝင်သည်။ အထဲသို့ ရောက်သည့်အခါ သူမသည် ဇွန်ဘီမြို့တော်မှ စုဆောင်းလာခဲ့သည့် လိုအပ်မည့်ပစ္စည်းတစ်ပုံတစ်ပင်ကြီးကို တွေ့လိုက်သည်။ သူမသည် ရည်ရွယ်ချက်ရှိရှိဖြင့် ပစ္စည်းများကို တောအုပ်ထဲမှာ ထားတာဖြစ်သည်။ နယ်မြေထဲမှာ နေသွားသည့်သူများတောင် ဒီမှာရှိကြောင်း မသိကြပေ။ သစ်တောထဲတွင် ဆန်၊ဂျုံနှင့် ရိက္ခာခြောက်အချို့ ဖြည့်ထားသည့် သတ္တုပုံးကြီးမျိုးစုံရှိနေပြီး ဘေးတွင် ပုံးနှင့်ဘူးများလည်း ရှိသည်။ ထိုအစာများသည် လူတစ်ယောက်အတွက် ငါးနှစ်ခံနိုင်သည်။ 

လင်းချင်းသည် ဒီထူးဆန်းသည့် အပင်များကို ကြည့်လိုက်သည်။ ဒါတွေက ဘယ်ကလာမှန်း မသိသလို ဘာဖြစ်လို့ ဒီမှာရှိနေမှန်းလည်း မသိပေ။ သူမသည် သစ်တောထဲတွင် အပင်များကို လျှောက်ကြည့်နေရင်း ကန်ထဲမှ စွမ်းအားပြင်းပြင်းဖြင့် တုန်လာခြင်းကို ရုတ်တရပ်ခံစားမိသည်။ သူမသည် ရပ်၍ကန်ကိုလှည့်ကြည့်ကာ တောအုပ်ထဲကနေ ထွက်လာတော့သည်။

တောအုပ်ထဲက ထွက်လာသည်နှင့် ကန်ထဲတွင် လှိုင်းကြီးကြီးများထနေကာ ရေမျက်နှာပြင်သည် တဖြည်းဖြည်းချင်းတက်လာသည်။ လင်းချင်းသည် အမြန်ကန်ဘေးသို့ ပြေးကာ ထိုင်ခုံများကို သစ်တောနားသို့ ရွေ့ရင်း ရေကန်အား ကြောက်လန့်တကြား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည့် ဇွန်ဘီနှစ်ကောင်ကိုလည်း အမြန်ရွေ့ဖို့ အော်ရလေသည်။
“ကန်ကို ကြည့်မနေနဲ့ ထွက်လာကြ ဒါတွေကို ကူရွေ့ပေး အရင်ဆုံး နင်တို့ပုံးတွေကို အရင်မလာ”

သူမ၏အမိန့်ကို ကြားသည့်အခါ ကိုယ်လုံးတီးဇွန်ဘီနှစ်ကောင်သည် ပုံးထဲက ခုန်ထွက်၍ သူတို့ပုံးများကိုမကာ လင်းချင်းဆီသို့ ပြေးလာသည်။ ကန်ထဲက စွမ်းအားသည် အရမ်းကြီးသောကြောင့် ဇွန်ဘီနှစ်ကောင်သည် လှိုင်းတစ်ချက်ပုတ်ရုံဖြင့် သေသွားနိုင်သည့် ပုရွက်ဆိတ်များလို သူတို့ကိုယ်သူတို့ ခံစားရသည်။ လင်းချင်း၏ စကားသံကြားမှ အကယ်တင်ခံလိုက်ရသလို ဖြစ်သွားကြတာ ဖြစ်သည်။  
Previous Chapter 276 of 410 Next